ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း (၂)ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း (၂)ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်
နိုဝင်ဘာ 9, 2021 | ကယား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း (၂)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက်များပြားကာ ဒေသကာကွယ်ရေးအဖွဲ့များဘက်က အသေးစား ဒဏ်ရာအချို့သာ ရရှိကြောင်း KNDF က နိုဝင်ဘာလ(၈)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။

 ဖယ်ခုံမြို့နယ်အတွင်း  ခေါင်းအိကျေးရွာအုပ်စု၊ လတူးကျေးရွာသစ်အနီးတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ စစ်ကြောင်းထားလာသည့်အတွက် နိုဝင်ဘာလ(၇)ရက်နေ့မှ နိုဝင်ဘာလ(၈)ရက်နေ့အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် လူနေအိမ်များအထိ ထိမှန်ပျက်စီးသည့်အတွက် ပြည်သူများမှ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း နှင့် ရှမ်း - ကယားနယ်စပ်တို့တွင် အာဏာသိမ်းစစ်တပ်ဘက်က စစ်သည်အင်အား လက်နက်အင်အားများဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ထုတ်နေရပြီး ဒေသခံပြည်သူ အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။