မေလ(၁)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ငလျင်(၃)ကြိမ် လှုပ်ခတ်၊ လွိုင်ကော်တွင် အပြင်းဆုံး လှုပ်ခတ်

မေလ(၁)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ငလျင်(၃)ကြိမ် လှုပ်ခတ်၊ လွိုင်ကော်တွင် အပြင်းဆုံး လှုပ်ခတ်

မြန်မာနိုင်ငံအတွင်း နေရာ (၂)နေရာတွင် မေလ(၁)ရက်နေ့ နံနက်ပိုင်းက ငလျင် (၃)ကြိမ် လှုပ်ခတ်သွားခဲ့ပြီး ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်း လှုပ်ခတ်သွားသည့် ငလျင်မှာ အပြင်းဆုံးဖြစ်၍ အနီးအနားရှိ မြို့များအထိပါ အဖျားခတ်လှုပ်သွားကြောင်း သိရသည်။

မေလ(၁)ရက်နေ့ နံနက်(၃)နာရီ (၁၇)မိနစ် (၃၄)စက္ကန့်အချိန်က ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်း၌  ပြင်းအား ရစ်ချ်တာစကေး (၄.၉)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားရာ လွိုင်ကော်ခရိုင်အတွက် သိသိသာသာ ဖြစ်စေခဲ့ပြီး အနီးရှိမြို့များအထိ အဖျားခတ်လှုပ်သွားစေခဲ့ကြောင်း သိရသည်။

"ငလျင်ဆိုလို့ အခုမှ ကြုံဖူးတာ ငလျင်လှုပ်တာကလည်း အသံပါ ပါလာတယ်။ ပထမက ဗုံးပေါက်ကွဲတယ်လို့ ထင်နေတာ။ တော်တော်လေးကို လှုပ်သွားတာ လန့်။ ခေါင်းတောင်မူးတယ်"ဟု လွိုင်ကော်မြို့ခံ တစ်ဦးက ပြောသည်။

မေလ(၁)ရက်နေ့ နံနက်(၆)နာရီ (၅၅)မိနစ် (၄၃)စက္ကန့်အချိန်က ရန်ကုန်မြစ်အတွင်း၌ ရစ်ချ်တာစကေး (၃.၉)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့သလို နံနက်(၆)နာရီ(၅၇)မိနစ် (၄၅)စက္ကန့်အချိန်က ရန်ကုန်မြစ်အတွင်းမှာပင် ရစ်ချ်တာစကေး (၃.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားသည့်အတွက် ရန်ကုန်မြစ်အတွင်း ငလျပ်(၂)ကြိမ် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။