လွိုင်​ကော်မြို့ ခရစ္စတူးဘုရင်ဘုရား​ကျောင်းဝင်းအတွင်းရှိ ကရုဏာဆေးခန်းမှ ဝန်ထမ်း ၁၇ ဦးကို အာဏာသိမ်းတပ်က ပြန်မလွှတ်သေး

လွိုင်​ကော်မြို့ ခရစ္စတူးဘုရင်ဘုရား​ကျောင်းတော်
လွိုင်​ကော်မြို့ ခရစ္စတူးဘုရင်ဘုရား​ကျောင်းတော်
လွိုင်​ကော်မြို့ ခရစ္စတူးဘုရင်ဘုရား​ကျောင်းဝင်းအတွင်းရှိ ကရုဏာဆေးခန်းမှ ဝန်ထမ်း ၁၇ ဦးကို အာဏာသိမ်းတပ်က ပြန်မလွှတ်သေး
By Tachileik News Agency

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ဝန်းအတွင်းရှိ ကရုဏာဆေးခန်းမှ ဝန်ထမ်း (၁၇) ဦးကို အာဏာသိမ်းတပ်က ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဖမ်းခေါ်သွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

ကရုဏာဆေးခန်းဝန်ထမ်းများစစ်ဆေးနေဆဲပါ။ ကျေးဇူးပြု၍ စိတ်ရှည်ပေးကြပါ။ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ The TRUTh will set us free! ဆုတောင်းခြင်းနဲ့သာကူညီပေးကြပါ။ ဘုန်းတော်ကြီးနှင့် သီလရှင်များ ကူညီပေးဖို့လိုက်ပါသွားခြင်းသာဖြစ်ပါတယ်။ ဖမ်းဆီးထားတာမဟုတ်ပါ။ စိတ်ပူပေးကြတဲ့ညီအစ်ကိုအားလုံးကိုကျေးဇူးတင်ပါတယ်

ဟု ခရစ္စတူးဘုရင်ဘုရားကျောင်းတော်၏ သာသနာ့တာဝန်ခံ မွန်ဆီညော်ဆဲလ်ဆို ဘရွှေက လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

ယနေ့နံနက်ပိုင်းက ဘုရားကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ ကရုဏာဆေးခန်းတို့ကို အာဏာသိမ်းစစ်တပ်က ဝင်စီးပြီး ဆေးခန်းမှဝန်ထမ်း (၁၇)ဦးအား ခေါ်သွားရာတွင် သာသနာ့တာဝန်ခံ မွန်ဆီညော်ဆဲလ်ဆို ဘရွှေလည်း ပါသွားခြင်းမှာ အာဏာသိမ်းတပ်က ခေါ်ဆောင်သွားသည့် ဘုန်းတော်ကြီးနှင့် သီလရှင်များအား ကူညီရန်လိုက်ပါသွားခြင်းဖြစ်သည်ဟု သာသနာ့တာဝန်ခံက ယနေ့ ညပိုင်းတွင် လူမှုကွန်ယက်မှတစ်ဆင့် အသိပေးထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်က အဆိုပါ ကျောင်းတိုက်အတွင်းရှိ ကရုဏာဆေးခန်းမှ ဝန်ထမ်းများကို ဖမ်းခေါ်သွားပြီး လူနာများကို  

 လွိုင်ကော်ပြည်သူ့ဆေးရုံနှင့် စစ်ဆေးရုံများဆီသို့  ပရဟိတအသင်း၏ ကားများဖြင့် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါဆေးခန်းသည် လွိုင်ကော်မြို့ပေါ်တွင် လူမျိုးဘာသာမရွေးအား အခမဲ့ ကြည့်ရှုစောင့်ရှောက်ကုသပေးနေသည့် တစ်ခုထဲသော ဆေးခန်းဖြစ်ကြောင်း သိရသည်။

 

လွိုင်ကော်သာသနာတွင် ၂၀၂၀ ၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ကတည်းက ဆရာတော်နေရာ လစ်လပ်နေခဲ့ပြီး မွန်ဆီညော်ဆဲလ်ဆို ဘရွှေကို သာသနာ့တာဝန်ခံအဖြစ် တာဝန်အပ်နှင်းထားခြင်းဖြစ်ကြောင်း သိရသည်။