တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့ဆောင်နေသည့် တာချီလိတ်မှ မြန်မာလိုင်စင်မော်တော်ယာဉ်များ အလှည့်ကျစာရင်းတွင် ကျန်ခဲ့ပါက စာရင်းလာရောက် ပေးသွင်းနိုင်

တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့ဆောင်နေသည့် တာချီလိတ်မှ မြန်မာလိုင်စင်မော်တော်ယာဉ်များ အလှည့်ကျစာရင်းတွင် ကျန်ခဲ့ပါက စာရင်းလာရောက် ပေးသွင်းနိုင်
စက်တင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့ဆောင်နေသည့် တာချီလိတ်မှ မြန်မာလိုင်စင်မော်တော်ယာဉ်များ အလှည့်ကျစာရင်းတွင် ကျန်ခဲ့ပါက စာရင်းလာရောက် ပေးသွင်းနိုင်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် အမှတ် (၂)တို့၌ ကုန်ပစ္စည်းတင်ယာဉ်မောင်း အလုပ် လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်းရပ်နားထားရသည့် ယာဉ်မောင်းများအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရင်းဆက်လက် ပေးသွင်းနိုင်မည်ဖြစ်ပြီး အသစ်ပြေးဆွဲလိုသူများ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
“ တံတား (၁)၊ (၂)မှာ ပြေးဆွဲခဲ့တဲ့သူတွေ၊ ပြေးဆွဲနေတဲ့သူတွေထဲက စာရင်းကျန်တောရှိရင် ကျွန်တော်တို့ဆီ စာရင်းထပ်ပေးနိုင်ပါတယ်။ မနေ့ကတော့ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေထဲက စာရင်းလာပေးတဲ့ (၅၄)စီးကို အလှည့်ကျ မဲနှိုက်ပေးထားပါပြီ။ အဲဒီတော့ ကျန်တဲ့သူတွေရှိရင်လည်း စာရင်းလာပေးကြပါ။ အလှည့်ကို မဲထပ်နှိုက်ပေးမှာပါ။ အသစ်ပြေးဆွဲချင်တဲ့သူတွေကတော့ ခရိုင်အုပ်ချုပ်ရေးရုံးမှာ ဆက်ပြီး စာရင်းပေးလို့ရပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့၌ ပြောသည်။
စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ မယ်ဆိုင်ဘက်က ထိုင်းလိုင်စင်မော်တော်ယာဉ်များကို ကန့်သတ်လိုက်သဖြင့် အလုပ်ရပ်နားနေရသည့် မြန်မာယာဉ်မောင်းများအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် မြန်မာလိုင်စင်မော်တော်ယာဉ်များဖြင့် ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ပေးနေခြင်းဖြစ်သည်။
မယ်ဆိုင် - တာချီလိတ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)တွင် မယ်ဆိုင်ဘက်မှ ထိုင်းလိုင်စင်မော်တော်ယာဉ် (၆)စီးနှင့် တာချီလိတ်ဘက်မှ မြန်မာလိုင်စင်မော်တော်ယာဉ် (၆)စီး နေ့စဉ်ခေါက်ပြန်ပြေးဆွဲခွင့်ပြုထားရာ မြန်မာဘက်မှ မော်တော်ယာဉ်များကို တစ်ရက် (၆)စီးစီ အလှည့်ကျစနစ်ဖြင့် ပြေးဆွဲခွင့်ပြုပေးခြင်းကို စက်တင်ဘာလ (၂၃)ရက်နေ့က စတင်နေခြင်းဖြစ်သည်။
မယ်ဆိုင်ဘက်က ခွင့်ပြုထားသည့် မြန်မာလိုင်စင်မော်တော်ယာဉ် (၆) စီးအပြင် တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ အလှည့်ကျပြေးဆွဲမည့် နောက်ထပ် မြန်မာလိုင်စင်မော်တော်ယာဉ် (၅၄) စီးကို စက်တင်ဘာလ (၂၂) ရက်နေ့က မဲနှိုက်ပေးထားခြင်းဖြစ်သည်။
မယ်ဆိုင် - တာချီလိတ် ကုန်ပစ္စည်းတင်ယာဉ်မောင်းများမှ လက်ရှိအလှည့်ကျစာရင်းတွင် မပါဝင်သေးသူများ ကျန်ခဲ့ပါက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်စာရင်းပေးနိုင်မည်ဖြစ်သည့်အပြင် မြန်မာလိုင်စင် မော်တော်ယာဉ်များဖြင့် နှစ်နိုင်ငံကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်လိုသူများအနေဖြင့်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စက်တင်ဘာလ (၂၁)ရက်နေ့မှစ၍ စာရင်းလက်ခံနေခြင်းဖြစ်သည်။
စက်တင်ဘာလ(၂၁)ရက်နေ့က စ၍ စာရင်းကောက်ထားသည့် နိုင်ငံကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်လိုသည့်စာရင်းအား တာချီလိတ် - မယ်ဆိုင် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~