မိုင်းလားတွင် ကျင်းပသည့် FPNCC နှင့် စစ်ကောင်စီ အစည်းအဝေးကို တရုတ်နိုင်ငံက ကြားဝင်စီစဉ်ကြောင်း သတင်းထွက်ပေါ်

မိုင်းလားတွင် ကျင်းပသည့် FPNCC နှင့် စစ်ကောင်စီ အစည်းအဝေးကို တရုတ်နိုင်ငံက ကြားဝင်စီစဉ်ကြောင်း သတင်းထွက်ပေါ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားတွင် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျင်းပသည့် FPNCC အဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ တွေ့ဆုံခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ သဘောထားမဟုတ်ဘဲ တရုတ်နိုင်ငံက ကြားဝင်စီစဉ်မှုဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်က ကြားကနေ စီစဉ်တာ။ EAOs တွေက မတက်လည်း မတက်ချင်ဘူး ငြင်းလို့အဆင်မပြေတဲ့ အခြေအနေလို့ သိရတယ်။ မလွှဲမရှောင်သာ တက်ရတဲ့အဖွဲ့တွေက ဗဟိုကော်မတီအဖွဲ့ဝင်တွေ မထည့်ဘူး။ သူတို့က ခေါင်းစဉ်ကလည်း ဘာမှတိတိကျကျမရှိတော့ ကိုဗစ်အကြောင်းပြောမယ်ဆိုပြီး လွှတ်လိုက်တာလည်းရှိတယ်ကြားတယ်။

ဟု FPNCC အဖွဲ့ဝင် EAOs နှင့် နီးစပ်သည့် ယုံကြည်ရသူတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းက  ပြောသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ မည်သည့်ဘက်ကမှ သီးခြားအတည်ပြုချက်များ ထုတ်ပြန်ထားသည်ကို မတွေ့ရသော်လည်း တရုတ်နယ်စပ်တလျှောက် တိုက်ခိုက်မှုများဖြစ်ပွားသည့်အခါတိုင်း တရုတ်နိုင်ငံက စစ်တပ်နှင့် EAOs များအကြား ဆွေးနွေးပွဲများပြုလုပ်ရေး ကြားဝင်လုပ်ဆောင်လေ့ရှိခဲ့ဖူးသည်ကို တွေ့ရသည်။

အဆိုပါအစည်းအဝေးသို့  FPNCC မှ တက်ရောက်သည့် အဖွဲ့အစည်း အရေအတွက်နှင့် ဆွေးနွေးသည့် အကြောင်းအရာများကို အတည်ပြုနိုင်ရေးအတွက် EAOs အဖွဲ့များဘက်သို့ Tachileik News Agency အနေဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

အာဏာသိမ်းစစ်ကောင်စီက မိုင်းလားတွင်  FPNCC အဖွဲ့ဝင် EAOs များနှင့် ဆွေးနွေးနေချိန်မှာပင် FPNCC အဖွဲ့ဝင် ကိုးကန့် MNDAA ကို အာဏာသိမ်းတပ်က မြေပြင်တိုက်ခိုက်မှာ အပြင် တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။