တာချီလိတ်မြို့၏ အကြမ်းဖက် စစ်တပ်ထောက်ခံပွဲတွင် အသုံးချခံ အာခါနှင့်လားဟူတိုင်းရင်းသား (၂၅၀)ဝန်းကျင် မဖြစ်မနေ လာရ

တာချီလိတ်မြို့၏ အကြမ်းဖက် စစ်တပ်ထောက်ခံပွဲတွင် အသုံးချခံ အာခါနှင့်လားဟူတိုင်းရင်းသား (၂၅၀)ဝန်းကျင် မဖြစ်မနေ လာရ
ဇန်နဝါရီ 31, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်တပ်ထောက်ခံပွဲကို   ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ရာ လူဦးရေ (၂၅၀)ဝန်းကျင် တက်ရောက်ရာတွင် မြို့တွင်းနေသူထက် ကျေးရွာများက တိုင်းရင်းသားအများဆုံး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ်ထောက်ခံပွဲကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူ ဦးတိုးမြင့် ဆိုသူက ဦးဆောင်ပြီး တိုင်းရင်းသားများကို အသုံးချသည့်အနေဖြင့် လားဟူတိုင်းရင်းသား နှင့် အာခါတိုင်းရင်းသား ကိုယ်စားပြု အမျိုးသားနှစ်ဦးနှင့် ဗမာတိုင်းရင်းသားကိုယ်စားပြုအဖြစ် ဦးဇွဲ(ဇွဲသာယာ)က ဟောပြောခဲ့ကြသည်ဟု သိရသည်။

လူဦးရေကတော့ ထုံးစံအတိုင်းပေါ့၊ တချို့ကလည်း မလာချင်တော့ သုံးစွဲရတာတွေရှိတဲ့အတွက် လာတဲ့လူဦးရေက (၂၅၀)ဝန်းကျင်လောက်ပဲရှိပေမဲ့ ပိုပြီး (၁၅၀၀)ကျော် အရေအတွက် စာရင်းပြထားတယ်။ အထက်က ခိုင်းတဲ့အတိုင်း ပွဲဖြစ်ဖို့က အဓိကဆိုတော့ စာရင်းပိုပြီး ပြထားတာက နက်ဖြန်အတွက်အပါ လားတော့ သေချာမသိရသေးဘူး

ဟု ထောက်ခံပွဲဖြစ်မြောက်ရေးတွင် ပါဝင်သည့် အမည်မဖော်လိုသူ တစ်ဦးက Tachilek News Agency သို့ ပြောသည်။



 

ထောက်ခံပွဲတွင် တာချီလိတ်မြို့နယ်အတွင်း မြို့ပြင်ကျေးရွာအုပ်စုထဲက အာခါနှင့်လားဟူတိုင်းရင်းသား အများအပြား ပါဝင်ပြီး မလာမနေရ ခေါ်ယူမှုကြောင့် လာကြသည်ဟု သိရသည်။

မိုင်းဟဲဘက်မှာလည်း တစ်ရွာကို အယောက်(၂၀) မလိုက်မနေရ ခေါ်ထားတယ်။ ရွာအများကြီးရှိပေမဲ့ ဘယ်နှစ်ရွာ ပါလဲတော့မသိဘူး။ ကားတွေနဲ့ ရောက်လာကြတာ။ သူတို့လည်း ရောက်တော့ ထောက်ခံပွဲစီစဉ်တဲ့သူတွေ ကျွေးတာစားပြီး ထောက်ခံပွဲ လုပ်ဖို့ ထိုင်စောင့်ပြီးတော့ နေ့လည်ပိုင်းမှာ ပြီးတာနဲ့ အကုန်ပြန်သွားကြတယ်

ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်အားကောင်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ စစ်တပ်နှင့် ကြံ့ဖွံ့ပါတီတို့က စီစဉ်သည့် ပွဲများတွင် အာခါ နှင့် လားဟူတိုင်းရင်းသားများမှာ မကြာခဏ ခေါ်ယူအသုံးချခံနေရသည့်အတွက် အသုံးချမခံရရေး အကာအကွယ်ပေးရန်လိုအပ်သည်ဟု လူငယ်တစ်ဦးက ဆိုသည်။

စစ်တပ်ထောက်ခံပွဲဆိုရင် ဘာမှ မသိ နားမလည်တဲ့ အာခါနဲ့လားဟူတိုင်းရင်းသားတွေကို အာဏာသုံးပြီး အသုံးချ ခေါ်ဆောင်တာများတယ်။ စစ်တပ်ရဲ့ စေခိုင်းချက်နဲ့ ပြည်သူ့စစ်ကလည်း ခြိမ်းခြောက်တယ်။ မဖြစ်မနေ သွားရမယ်ဆိုပြီး ကားတွေနဲ့ လာခေါ်တော့ လိုက်ရတာပဲ။ အခုလို တိုင်းရင်းသားတွေ အသုံးချခံနေရတာကို လားဟူ နဲ့ အာခါ ယဉ်ကျေးမှုအသင်းတွေကလည်း အလကား ငြိမ်နေကြတယ်။ တိုင်းရင်းသားတွေဟာ အသုံးချခံမဟုတ်ဘူးဆိုတာကို အသင်းအဖွဲ့တွေက အကာအကွယ်ပေးဖို့လိုတယ်။ အခုက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီအနွယ်တွေ စီစဉ်တဲ့ ပွဲတိုင်းဆိုရင် ရှမ်း(ရှေ့)မှာ အာခါ နဲ့ လားဟူက နေရာတကာ အသုံးချခံနေရဆဲပဲ

ဟု အာခါတိုင်းရင်းသားလူငယ်တစ်ဦးက ပြောသည်။

ယနေ့ တာချီလိတ်မြို့၏ အကြမ်းဖက် စစ်တပ် ထောက်ခံပွဲတွင် စစ်တပ် နှင့် ရဲတို့မှ ပြည်သူဟန်ဆောင်ပြီး အရပ်ဝတ်များဖြင့် သေနတ်များကို ဝှက်၍ သယ်ဆောင်ကာ လူတောထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် လိုက်ပါခဲ့ကြသည်ဟုလည်း သိရသည်။