တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းဆတ်နှင့် မိုင်းတုံတို့တွင် ဆုံဆို့သံသယလူနာ (၆၀)ဦး တွေ့ရှိ

တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းဆတ်နှင့် မိုင်းတုံတို့တွင် ဆုံဆို့သံသယလူနာ (၆၀)ဦး တွေ့ရှိ
သြဂုတ် 17, 2020
By Tachileik News Agency
တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းဆတ်နှင့် မိုင်းတုံတို့တွင် ဆုံဆို့သံသယလူနာ (၆၀)ဦး တွေ့ရှိ
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မြို့နယ် (၅)ခုတွင် ဆုံဆို့သံသယလူနာများ တွေ့နေရပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့အထိ စုစုပေါင်း လူနာ (၆၀)ဦးတွေ့ရသည့်အနက်  တာချီလိတ်မြို့နယ်မှ လူနာဦးရေ ထက်ဝက်ပါဝင်ကြောင်း သိရသည်။
“အခုတွေ့ရတဲ့ သံသယလူနာ (၆၀)ထဲမှာ အသက် (၅)နှစ်ကနေ (၁၅)နှစ်ကြားက (၆၀)ရာခိုင်နှုန်းဖြစ်တယ်။ သိပ်ငယ်တဲ့ ကလေးနဲ့ သိပ်ကြီးတဲ့လူကြီးတွေကတော့ ဒီ (၆၀)ထဲမှာ တွေ့ရတာနည်းတယ်။ ကာကွယ်ဆေးအကြိမ်ရေ မပြည့်သေးတဲ့သူနဲ့ ကာကွယ်ဆေး လုံးဝမထိုးတဲ့သူတွေမှာ ဖြစ်တာများတယ်။ အဲဒီလိုဖြစ်တာကလည်း မိုင်းခတ်၊  မိုင်းဆတ်၊  မိုင်းတုံတို့ဘက်မှာ တွေ့ရတယ်။ တော်တော်များများက တစ်ခြားဒေသ  ဝေးလံခေါင်ပါး လက်လှမ်းမမီတဲ့ ဒေသတွေက ပြောင်းလာတဲ့ကလေးတွေ ဖြစ်တာကို တွေ့ရတယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး  ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသဖြစ်သည့် တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်များမှ ဆုံဆို့ သံသယလူနာ (၆၀) ဦးတွေ့ရသည့်အနက် (၃၁)ဦးမှာ တာချီလိတ်မြို့နယ်မှ ဖြစ်ကာ မိုင်းဆတ်မြို့နယ်မှ (၁၈)ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ သံသယလူနာများအနက် တာချီလိတ်မြို့နယ်မှ (၅)ဦးနှင့် မိုင်းခတ်မြို့နယ်မှ (၁)ဦးတို့ သေဆုံးသွားကြောင်း သိရသည်။
“ အဓိက ကာကွယ်ရေးလုပ်ငန်းကတော့ ကာကွယ်ဆေးပုံမှန်ထိုးပေးတာပေါ့။ နောက် အသက်ရှုလမ်းကြောင်းကနေ ကူးစက်တဲ့ရောဂါဖြစ်တဲ့အတွက် အခု COVID 19 ကာကွယ်ရေးလုပ်သလို Mask တပ်တာ၊ (၆)ပေအကွာကနေတာတွေကလည်း ရောဂါမကူးစက်အောင် ကာကွယ်ပါတယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး  ဒေါက်တာမြင့်ကျော်က ပြောသည်။
ဆုံဆို့ရောဂါမှာ ကလေးငယ်များကို အသက် (၂)လ၊ (၄)လနှင့် (၆)လ အရွယ်များတွင် နိုင်ငံတော်က အခမဲ့ထိုးနှံပေးနေသည့် ပုံမှန်ကာကွယ်ဆေးများတွင် ပါဝင်ခြင်းဖြစ်သည်။
လက်ရှိတွင် ရောဂါဖြစ်ပွားသူများတွင် ပုံမှန်ကာကွယ်ဆေး မထိုးနှံခဲ့သူများ အများစုဖြစ်သည်ကို တွေ့ရသဖြင့် အမှီလိုက်ကာကွယ်ဆေးထိုး အစီအစဉ်ကို ဆောင်ရွက်သွားမည်ဟု သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Aung Myint Htoon
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~