တာချီလိတ်မြို့တွင်းသို့ မီးခိုးများ စတင် ဝင်ရောက်လာနေသော်လည်း လေထုအရည်အသွေး ကောင်းမွန်နေ

တာချီလိတ်မြို့တွင်းသို့ မီးခိုးများ စတင် ဝင်ရောက်လာနေသော်လည်း လေထုအရည်အသွေး ကောင်းမွန်နေ
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်းသို့ မီးခိုးများ စတင် ဝင်ရောက်လာနေသော်လည်း  လေထုအရည်အသွေး ကောင်းမွန်နေ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ လေစီးကြောင်းသင့်၍  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် မီးခိုးမြူ အနည်းငယ် စတင်ဖုံးလွှမ်းလာသော်လည်း လေထုအရည်အသွေး အစိမ်းရောင်အဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

AQI က ဝ-၅၀ အတွင်းဆို အစိမ်းရောင်အဆင့်ပေါ့။ လက်ရှိက လေထုအရည်အသွေး ကောင်းတယ်။ နေ့စဉ် တိုင်းတာပြီးတော့ တစ်ပတ်တစ်ခါ တင်ပြနေတယ်

ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့်နယ်စပ်ဖြစ်သည့် မယ်ဆိုင်မြို့အပါအဝင် ထိုင်းနိုင်ငံမြောက်ဘက်ပိုင်းတွင် တောမီးရှို့မှုများကြောင့် လေထုအရည်အသွေး ကျဆင်းနေသဖြင့် တာချီလိတ်ခရိုင်အတွင်း လေထုအရည်အသွေး ကျဆင်းလာပါ ရေမှုန်ရေမွှားပက်ဖြန်းခြင်း၊ နှာခေါင်းစည်းဝေငှခြင်းများ လုပ်ဆောင်ပေးရန်နှင့် အများပြည်သူထံ နေ့စဉ်သတင်းထုတ်ပြန်ပေးရန် ခရိုင်စီမံခန့်ခွဲရေးကော်မတီက စီစဉ်ထားကြောင်း သိရသည်။

ခါတိုင်း ဒီချိန်ဆို ဖြစ်နေပြီ။ ဒီဘက်ဒေသရဲ့သဘောသဘာဝက မီးရှို့တယ်ဆိုရင် အကုန်ပြိုင်ရှို့ကြတာ။ ဒီနှစ် ကျွန်တော်တို့လုပ်တာက မြို့နယ်အဆင့်အလိုက် မီးခိုးမြူနဲ့ပတ်သက်ပြီး မီးရှို့တာကို ဒီတစ်ပတ် ဒီရွာက ရှို့မယ်ဆိုရင် နောက်တစ်ပတ် နောက်ရွာကရှို့ပေါ့။ အထွေထွေအုပ်ချုပ်ရေးက စာရင်းတွေကောက်ပြီး လုပ်နေတယ်

ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း လေထုအရည်အသွေးတိုင်းခြင်းကိုလည်း ပုံမှန်ဆောင်ရွက်နေရာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ စာရင်းများအရ လေထုအတွင်းသေးငယ်သည့် အမှုန်အမွှားများပါဝင်မှု လေထုအရည်အသွေးအညွှန်းကိန်း(AQI) (PM10)ပါဝင်မှုအညွှန်းကိန်း အနိမ့်ဆုံး (၆) မှ အမြင့်ဆုံး (၁၀)၊ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2) ပါဝင်မှုအညွှန်းကိန်း အနိမ့်ဆုံး (ဝ) မှ အမြင့်ဆုံး (၁၀)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ပါဝင်မှုအညွှန်းကိန်း အနိမ့်ဆုံး (၇) မှ အမြင့်ဆုံး (၈)၊ ကာဗွန်မိုနောက်ဆိုဒ်(CO) ပါဝင်မှုအညွှန်းကိန်း (ဝ) သာရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း မီးခိုးမြူလျော့ကျရေးအတွက် တောင်ယာမီးရှိုမှုများကို အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိလေစီးကြောင်းမှာ တောမီးရှို့မှုအများအပြားရှိနေသည့် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~