တာချီလိတ်- မယ်ဆိုင် ကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးပြီးမှ တံတားဖြတ်သန်းခွင့်ပေးတော့မည်

တာချီလိတ်- မယ်ဆိုင် ကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးပြီးမှ တံတားဖြတ်သန်းခွင့်ပေးတော့မည်
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
တာချီလိတ်- မယ်ဆိုင် ကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးပြီးမှ တံတားဖြတ်သန်းခွင့်ပေးတော့မည်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ ကုန်စည်သယ်ယူပို့ဆောင်မည့် ကုန်တင်ယာဉ်မောင်းများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း ခရိုင်ပြည်သူ့ဆေးရုံဟောင်းရှိ fever clinic ၌ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံဘက်ကလည်း စစ်ဆေးနေတယ်ဆိုပေမဲ့ ဒီဘက်မှာလည်း စစ်ဆေးထားရင် ကျန်းမာရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘက်က စိုးရိမ်ပူပန်စိတ်လည်း ပျောက်သွားမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် မြဝတီဘက်၊ မဟာချိုင်ဘက်တွေကအစ မြန်မာရွှေ့ပြောင်းလုပ်သားတွေကနေ ပိုးတွေ့တာတွေ များလာနေတော့ ထိုင်းဘက်ကလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြတော့ ဒီဘက်ကလည်း စစ်ပေးထားတယ်ဆိုရင် ဒီကုန်သွယ်မှုမှာ အထိအခိုက် အဟန့်အတား မဖြစ်နိုင်ဘူးပေါ့နော်။ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ကိုင်နိုင်မယ့်အနေအထားဆိုတော့ မဖြစ်မနေ စစ်ထားဖို့တော့လိုမယ်လို့ ပြောချင်ပါတယ်”

ဟု တာချီလိတ်ခရိုင် COVID 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂၁)ရက်နေ့၌ ပြောသည်။
တာချီလိတ် - မယ်ဆိုင် ကုန်စည်ကူးသန်းနေသည့် တာချီလိတ်မှ ယာဉ်မောင်း (၃၁၂)ဦးကို ခရိုင်ပြည်သူ့ဆေးရုံဟောင်းရှိ FEVER CLINIC ၌ ဒီဇင်ဘာလ (၂၂)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း နေ့စဉ် နေ့လယ် (၂)နာရီမှ ညနေ (၄)နာရီအထိ စစ်ဆေးပေးမည်ဖြစ်ရာ ယာဉ်မောင်းလိုင်စင် ယူဆောင်လာရန် လိုအပ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံတော်သို့ ပေးသွင်းရန် သတ်မှတ်ထားသည့် စစ်ဆေးခအတိုင်း ပေးဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးတာကတော့ ယာဉ်မောင်း (၃၀၀)ကျော်ဆိုတော့ အချိန် (၃)ရက် သတ်မှတ်ပေးထားတယ်။ ဒီ(၃)ရက်ကျော်မှဆိုတော့ ဒီဇင်ဘာလ (၂၆)လောက်ကစပြီး တံတားဖြတ်မယ်ဆို ကျန်းမာရေးထောက်ခံစာစစ်တာ လုပ်မှာပေါ့။ ကျန်းမာရေးထောက်ခံစာက (၁၄)ရက် သက်တမ်းပေးထားတယ်။ အဲဒါပြည့်ရင်တော့ တစ်ခေါက်ပြန်စစ်ရမှာပေါ့”

ဟု တာချီလိတ်ခရိုင် COVID 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
လက်ရှိတွင် တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်စည်ကူးသန်းရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှနေ၍ နှစ်နိုင်ငံကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပေးထားသော်လည်း နှစ်နိုင်ငံအဝင်တွင်  ကုန်တင်ယာဉ်မောင်းများ ပြောင်းလဲမောင်းနှင်စေသည့်စနစ်ကို နှစ်နိုင်ငံလုံးက ကျင့်သုံးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်တွင်း နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုစတင်တွေ့ရပြီး ထိုင်းနိုင်ငံဘက်တွင်လည်း ဒီဇင်ဘာ နောက်ဆုံးပတ်၌ ဒေသတွင်းကူးစက်မှုများကို စတင်တွေ့လာနေရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~