ရခိုင်ပြည်နယ်တွင်း Covid-19 ကူးစက်မှုကြောင့် လေကြောင်း နှင့် ကုန်းလမ်း ခရီးသည်ပို့ဆောင်‌ရေး ယာယီပိတ်ထားသော်လည်း ကုန်တင်ယာဉ်များကိုတော့ ခွင့်ပြုပေးထား

ရခိုင်ပြည်နယ်တွင်း Covid-19 ကူးစက်မှုကြောင့် လေကြောင်း နှင့် ကုန်းလမ်း ခရီးသည်ပို့ဆောင်‌ရေး ယာယီပိတ်ထားသော်လည်း ကုန်တင်ယာဉ်များကိုတော့ ခွင့်ပြုပေးထား
သြဂုတ် 23, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်တွင်း Covid-19 ကူးစက်မှုကြောင့်  လေကြောင်း နှင့် ကုန်းလမ်း ခရီးသည်ပို့ဆောင်‌ရေး ယာယီပိတ်ထားသော်လည်း ကုန်တင်ယာဉ်များကိုတော့ ခွင့်ပြုပေးထား
ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့အတည်ပြုလူနာများ တိုးလာနေသဖြင့်  ရောဂါထိန်းချုပ်ရေးအတွက် မကွေး- စစ်တွေ-အမ်း လေကြောင်းလိုင်းနှင့် ခရီးသည်တင်  မော်တော်ယာဉ်လိုင်းများကို ယာယီပိတ်ထားသော်လည်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ပေးထားကြောင်း သိရသည်။
“သြဂုတ်လ (၂၀) ရက်နေ့ကစပြီးတော့  ခရီးသည်တင်ယာဉ်တွေ ဝင်/ထွက် ခွင့် ယာယီပိတ်သိမ်းထားရှိ တယ်ဆိုပေမဲ့ ကျွန်တော်တို့ အဲဒီမတိုင်ခင် (၂) ရက်လောက်ကတည်းက ပိတ်ခဲ့တာပါ။ ကုန်စည်စီးဆင်းမှုရပ်တန့်မသွားစေရေးအတွက် ကုန်တင်ယာဉ်တွေကိုတော့ C0VID ကာလ လိုက်နာရမယ့်စည်းကမ်း ချက်တွေနဲ့အညီ ဝင်/ထွက်ခွင့်ပြုစေမှာဖြစ်ပါတယ်”ဟု ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၌ ပြောသည်။
မကွေး- စစ်တွေ-အမ်း လေကြောင်းလိုင်း ခရီးစဉ်ကို သြဂုတ်လ(၂၁)ရက်နေ့ကစ၍ ယာယီရပ်နားကာ မူလက ရန်ကုန်-ညောင်ဦး-မကွေး-ရန်ကုန် ခရီးစဉ်အဖြစ် ညောင်ဦးဘက်မှ ပြောင်းလဲပျံသန်းပြေး ဆွဲပေးရန်ဖြစ်သော်လည်း ညောင်ဦးလမ်းကြာင်းမှ ပျံသန်းမည့်အစီအစဉ်ကို ပြန်လည်ဖျက်သိမ်းခဲ့ပြီး ရန်ကုန်-မကွေး-ရန်ကုန် လမ်းကြောင်းသာ ပျံသန်းမည်ဟု MNA လေကြောင်းလိုင်း မကွေး ဌာနေကိုယ် စားလှယ်ထံမှ သိရသည်။ 
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ရာလမ်းကြောင်းတွင် စုပေါင်းဂိတ်ထားရှိပြီး ခရီးသည်တင်ယာဉ်များကိုသာမက ဆိုင်ကယ်နှင့်လည်း ဝင်ရောက်လာမှုမရှိစေရန် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“ရောဂါထိန်းချုပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးနယ်မြေအတွင်းမှာ ပိတ်ဆို့ရေးဂိတ် (၂၉)ခု ထားရှိပြီး ရခိုင်ဘက်က ဘာနဲ့မှဝင်လာလို့မရအောင်လည်း နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ လဝက၊ ကာစတန် စသဖြင့် အဖွဲ့စုံနဲ့ ပူးပေါင်းဂိတ်ထားရှိဆောင်ရွက်နေပါတယ်။ သို့သော် ရခိုင်ဘက်ကနေ အရေးပေါ်အခြေအနေကြောင့် လာခဲ့ရတာမျိုးရှိခဲ့ရင် ကျန်းမာရေးထောက်ခံချက်ရယ်၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးထောက်ခံချက်တို့ ပါရှိမှ ကျွန်တော်တို့ စိစစ်ပြီး ခွင့်ပြုမှာဖြစ်ပါတယ်”ဟု မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့် က ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ပြည်ပခရီးသွားလာခြင်းလည်းမရှိ၊ အတည်ပြုလူနာနှင့်လည်း ထိ တွေ့ခြင်းမရှိသည့် COVID-19 အတည်ပြုလူနာ (၁)ဦးကို သြဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရပြီးနောက် သြဂုတ်လ (၂၃)ရက်နေ့အထိ ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်လူနာ (၅၃)ဦးအထိ တိုးလာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~