ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းဘက် ဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးခြင်းအား စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီနေ

ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းဘက် ဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးခြင်းအား စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီနေ
သြဂုတ် 31, 2020
By 🌸
ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းဘက် ဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးခြင်းအား စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီနေ
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ပေါက်တစ်ခုဖြစ်သော မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စုအတွင်းရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း လုပ်ဆောင်နေရာ ဌာနဆိုင်ရာများနှင့်အတူ ငဖဲမြို့နယ်မှ စေတနာ့ဝန်ထမ်းများပါ ပူးပေါင်းကူညီနေကြောင်း သိရသည်။

“ကျန်းမာရေးဌာနမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အင်အားမရှိဘူးဗျ။ သက်ဆိုင်ရာရွာတွေမှာလည်း ကျန်းမာရေးဝန်ဆောင်မှုပေးရတယ်။ F.Q မှာလည်း အင်အားပေးရတယ်ဆိုတော့ အင်အားနည်း နေတာပေါ့။ မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးနဲ့ ညှိနှိုင်းတဲ့အခါ ဂိတ်မှာ နေ့၊ ည (၂) ဦးစီ ပေးထားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးဝန်ထမ်းတွေ သင်တန်းတက်ရမှာမို့ အင်အားနည်းသွားတာကြောင့် သူတို့ (စေတနာ့ဝန်ထမ်းတွေ) လာကူညီပေးနေတာပါ။ ငဖဲမြို့ က သေးသေးလေးဆိုပေမဲ့ မကွေးတိုင်း တစ်တိုင်းလုံးအတွက် ကိုယ်စားပြုပြီး  ရုန်းပေးနေရတာဖြစ်တော့ အကူအညီပေးနိုင်ရင်တော့ ကြိုဆိုပါ တယ်”

ဟု ငဖဲမြို့နယ် COVID-19 ကော်မတီ ဥက္ကဌ ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ပြောသည်။
အဆိုပါ မြို့အဝင်ဂိတ်တွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများက ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသည်အားလုံးကို ကိုယ်အပူချိန်တိုင်းခြင်း၊ မကွေး - ရခိုင် ယာဉ် အဝင်/အထွက် စာရင်း မှတ်တမ်းယူခြင်း၊ လူစုလူဝေးမဖြစ်စေရန် ကြပ်မတ်ထိန်းသိမ်းရခြင်း၊ ဆိုင်ကယ်နှင့်  သုံးဘီးယာဉ်များ ရပ်/ကျေးထောက်ခံစာပါ၊ မပါစစ်ရခြင်း လုပ်ငန်းများကို အဓိကလုပ်ဆောင်နေကြခြင်းဖြစ်၍ စေတနာ့ဝန်ထမ်းအင်အားလိုအပ်နေသည်ဟု သိရသည်။

“ပြောရရင် လုပ်ငန်းဆောင်တာက နည်းနည်းများပါတယ်။ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဆိုပေမဲ့ လတ်တလော ကျန်းမာရေးဝန်ထမ်းက တစ်ဦးပဲရှိတယ်။ ဌာနက သင်တန်းပေးနေတဲ့အချိန်ဖြစ်နေလို့ ကျန်းမာရေးဝန်ထမ်းအင်အားက နည်းနေဦးမယ်လို့ ပြောတယ်။ သင်တန်းပြီးရင်လည်း ကျန်းမာရေးဝန်ထမ်းက (၂) ဦးထက်မပိုနိုင်ဘူးလို့လည်း သိရတယ်။ ဒီ အင်အားဟာ ကျန်းမာရေးစစ်ဆေးတာလောက်ပဲ လုံလောက်မှု ရှိနိုင်ပါတယ်။ စာရင်းမှတ်တာ၊ ကားတွေထဲက ကားဆရာတွေ ခရီးသည်တွေကို စီမံခန့်ခွဲတာ၊ ဆိုင်ကယ်တွေ သုံးဘီးတွေအသွားအလာကို စိစစ်တာတွေကိုကျတော့ ကျန်းမာရေးဝန်ထမ်းတွေက အားလုံးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေရှည်မှာ စေတနာ့ဝန်ထမ်းလိုအပ်ချက်ကတော့ ရှိနေဦးမယ်လို့ ထင်ပါတယ်”

ဟု ငဖဲမြို့နယ်မှ စေတနာ့ဝန်ထမ်းတာဝန်ဆောင်ရွက်နေသူ ကိုကျော်ကိုရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင် - မကွေးလမ်းကြောင်းမှ ခရီးသည်တင်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို ယာယီကန့်သတ်ထားပြီး ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများ လဲလှယ်မောင်းနှင်စေသည့်စနစ်ဖြင့် ခွင့်ပြုထားသဖြင့် ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းဒေသကြီးဘက်သို့ ဝင်လာမည့် ကုန်တင်ယာဉ်များကို အဆိုပါပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်း COVID 19 ပြည်တွင်းကူးစက်မှုအဖြစ် တွေ့နေရသဖြင့် အခြားဒေသများသို့ ပျံ့ပွားခြင်းမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~