မူဆယ်ဘက်မှ မန္တလေးတင်ပို့မည့် အေးခဲအမဲသားများ သီပေါမြို့အဝင်တွင် ဖမ်းမိ

မူဆယ်ဘက်မှ မန္တလေးတင်ပို့မည့် အေးခဲအမဲသားများ သီပေါမြို့အဝင်တွင် ဖမ်းမိ
သြဂုတ် 29, 2020
By Tachileik News Agency
မူဆယ်ဘက်မှ မန္တလေးတင်ပို့မည့် အေးခဲအမဲသားများ သီပေါမြို့အဝင်တွင် ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့အဝင်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့က ဖမ်းမိထားသည့် မော်တော်ယာဉ်နှစ်စီးဖြင့် အေးခဲအမဲသားများ တင်ဆောင်လာသူအား မွေးမြူရေးနှင့် ကုသရေးဆိုင်ရာဥပဒေဖြင့် အရေးယူနိုင်ရန် သြဂုတ်လ (၂၉)ရက်နေ့၌ သက်ဆိုင်ရာဌာနများ  ဆွေးနွေးနေကြောင်း သိရသည်။
“ ဒီအေးခဲအသားတွေ သယ်ဆောင်ခွင့်အတွက် အထောက်အထား အစုံအလင်နဲ့ အကောက်ခွန် ဖြတ်လာတာမျိုး မဟုတ်ဘူး။ ဘယ်လို ဆက်လက်အရေးယူမယ်ဆိုတာ  သက်ဆိုင်တဲ့အဖွဲ့တွေနဲ့  ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ မွေး/ကု ရဲ့ လုပ်ထုံး လုပ်နည်း ဥပဒေအရ ဆက်လုပ်မှာပါ” ဟု သီပေါမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အေးမြင့်က သြဂုတ်လ (၂၉) ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့ဘက်မှ မန္တလေးဘက်သို့ ဂျပ်ဖာ တစ်ဖာလျှင် (၂၀) ကီလိုဂရမ်စီပါဝင်သည့် အေးခဲအမဲသားဂျပ်ဖာ စုစုပေါင်း (၂၈၀) ဖာ တင်ဆောင်လာသော မော်တော်ယာဉ် (၂)စီးကို သီပေါမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်၌ သက်ဆိုင်ရာဌာနများမှ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အေးခဲ အမဲသားများ တင်ဆောင်လာသော မော်တော်ယာဉ်(၂)စီးအား သီပေါ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ  ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ကုန်သွယ်မှုဦးစီးဌာနက အေးခဲအသား၊ ရေထွက်ကုန်များ၊ အသားနှင့်ရေထွက်ကုန်ပစ္စည်းများကို အခြေခံထုတ်လုပ်သည့် စားသောက်ကုန်များကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှစ၍ နယ်စပ်မှ တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~