ကျောက်မဲ၊ သီပေါနှင့် တန့်ယန်းမြို့များတွင် ဇွန်လ (၂၉)ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၂၈)ဦးထပ်တိုး၊ အနံ့ပျောက်နေသူ အများစုပါဝင်

ကျောက်မဲ၊ သီပေါနှင့် တန့်ယန်းမြို့များတွင် ဇွန်လ (၂၉)ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၂၈)ဦးထပ်တိုး၊ အနံ့ပျောက်နေသူ အများစုပါဝင်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ၊ သီပေါနှင့် တန့်ယန်းတို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၂၈) ဦးတွေ့ရပြီး အများစုမှာ အနံ့ပျောက်၍ စစ်ဆေးခဲ့သူများဖြစ်သည်ဟု သိရသည်။



ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ယနေ့ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၈)ဦးနှင့် သီပေါမြို့တွင် စစ်ဆေးတွေ့ရသည့် အတည်ပြုလူနာ (၁၆) ဦးတို့မှာ အနံ့ပျောက်သူများဖြစ်သည်ဟု သိရသည်။

နောင်ပိန်ကျေးရွာမှ အသစ်ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၈)ဦးလုံးမှာ ယမန်နေ့က အတည်ပြုလူနာများအဖြစ် စစ်ဆေးတွေ့ရသည့် လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်တို့မှ မိသားစုဝင် (၁၄) ဦးနှင့် ဆက်စပ်သူများဖြစ်သည်ဟု သိရသည်။

နောင်ပိန်ကျေးရွာမှ အတည်ပြုလူနာများကို ကျောက်မဲဆေးရုံတွင်လည်းကောင်း၊ သီပေါမြို့မှ အတည်ပြုလူနာများကို သီပေါဆေးရုံတွင်လည်းကောင်း၊ တန့်ယန်းမှ အတည်ပြုလူနာများအား တန့်ယန်းဆေးရုံတွင်လည်းကောင်း ထားရှိသည်ဟု သိရသည်။

တန့်ယန်းမြို့တွင် ယနေ့ ဇွန်လ(၂၉)ရက်နေ့၌ အတည်ပြုလူနာအဖြစ် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး (၂)ဦး အသစ်ထပ်တိုးသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း (၁၀)ဦးရှိရာတွင် (၂)ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးတွင် လားရှိုးမြို့၌ အတည်ပြုလူနာ (၃၇၁) ဦး၊ နောင်ချိုမြို့၌ အတည်ပြုလူနာ (၂၁၅) ဦး၊ လောက်ကိုင်မြို့၌ အတည်ပြုလူနာ (၁၄၇) ဦးတို့အပါအဝင် အတည်ပြုလူနာ စုစုပေါင်း (၈၀၀) နီးပါးရှိနေကြောင်း သိရသည်။