ရေဦးမြို့နယ် အင်တောရွာမှ အာဏာသိမ်းစစ်တပ်ထွက်သွားပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်းနှစ်ခုတွေ့ရှိ

ရေဦးမြို့နယ် အင်တောရွာမှ အာဏာသိမ်းစစ်တပ်ထွက်သွားပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်းနှစ်ခုတွေ့ရှိ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်တောရွာတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့က အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ကျေးရွာမှ ထွက်သွားပြီးနောက် ရွာတွင်း၌  မီးရှို့ထားသည့် ရုပ်အလောင်းနှစ်ခုကို တွေ့ရသည်ဟု သိရသည်။

အင်တောရွာမှ အသက် (၄၅)နှစ်အရွယ် ဦးမောင်မြင့်နှင့် အသက် (၄၀) အရွယ် ဦးတင်သောင်းတို့မှာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခြင်းခံခဲ့ကြရပြီးနောက် ဇန်နဝါရီလ (၅) ရက်နေ့က ကျေးရွာအတွင်းမှ စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးအဖွဲ့များ ထွက်သွားချိန်တွင် စာသင်ကျောင်းအနောက်ဘက်၌ မီးရှို့ခံထားရသည့် လူအလောင်းရုပ်ကြွင်း (၂)ခုကို တွေ့ခဲ့ရကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အင်တောရွာဘက်တွင် ဇန်နဝါရီလ (၂) ရက်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်၊ ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးအဖွဲ့တို့နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အာဏာသိမ်းအဖွဲ့သည် နိုင်ငံအတွင်း အာဏာသိမ်းမှုဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နှင်းခြင်းအား ရက်စက်သည့်နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ ဗျူဟာမြောက် လုပ်နေကြသည်ဟု ဖြစ်ပွားခဲ့သည့် သက်သေအထောက်အထားများကို ကိုးကား၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ပြထားပြီး အကြမ်းဖက်နှိမ်နှင်းမှုများ လုပ်နေသည့် အာဏာသိမ်းအဖွဲ့ကမူ  ၎င်းတို့အနေဖြင့် မျှော်မှန်းမထားသည့်အခြေအနေများနှင့် ကြုံရသည်ဟု ဆင်ခြေပေးရန် ကြိုးစားသည့် ပြောကြားမှုများကို တွေ့ရသည်။