မင်းဘူးတွင် ရက်ပေါင်း (၈၀) ကြာ ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

မင်းဘူးတွင် ရက်ပေါင်း (၈၀) ကြာ ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်
ဇန်နဝါရီ 29, 2020
By Tachileik News Agency

 မင်းဘူးတွင် ရက်ပေါင်း (၈၀) ကြာ ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ခြေတော်ရာ မြတ်(၂)ဆူကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီး ရက်ပေါင်း (၈၀)ကြာ ကျင်းပမည်ဖြစ်ရာ လုံခြုံရေးနှင့် ကျန်းမာရေးအပါအဝင် ပွဲတော်ကို စနစ်တကျဖြစ်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။

"ဘုရားပွဲတော်လုံခြုံရေးအတွက် CCTV အလုံး (၅၀) တပ်ဆင်ထားပါတယ်။ အဝေးကနေလည်း ၃၆၀ ဒီဂရီလှည့် ရိုက်နိုင်တဲ့ နောက်ဆုံးပေါ် ကင်မရာ (၃) လုံးတပ်ဆင်ထားပါတယ်။ ဒါကို Control Room ကနေ ကြီးကြပ်နေပါတယ်။ ဘုရားဖူးတွေ ကျန်းမာရေးအတွက်လည်း အရင်က ကျင်းအိမ်သာတွေနေရာမှာ ရေလောင်းအိမ်သာတွေ လုပ်ထားပါတယ် "

ဟု  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းအပြင် မကွေးတိုင်းအတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်နေသည့်အပြင် ဘုရားပွဲတော်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။

ဘုရားပွဲကာလတွင် အခန်းငှားရမ်းခများကို ရေစပ်ခန်းတစ်ခန်းလျှင် ကျပ်(၃)သောင်း၊ ကုန်းပေါ်တစ်ခန်းလျှင် ကျပ်(၂)သောင်း၊ ယခင်နှစ်များက တစ်ခန်းလျှင် ကျပ်(၁)သိန်းသတ်မှတ်သည့် နမ္မဒါတည်းခိုဆောင်တွင် ကျပ် (၇၀၀၀၀) လျှော့ချသတ်မှတ်ပေးထားပြီး ပိုမိုတောင်းခံပါက ဂေါပကအဖွဲ့သို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော် ဘုရားပွဲတော်ကျင်းပရာမှ ရရှိသည့် ဘုရားကြီးရန်ပုံငွေကို ဂေါပကအဖွဲ့ဖြင့် ထိန်းသိမ်းထားရာ ယခုအစိုးရလက်ထက်၌ ဂေါပကအဖွဲ့ကို အရပ်သားများဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဘုရားကြီးရန်ပုံငွေလည်း နှစ်ဆတိုးလာကြောင်း သိရသည်။

“ကျွန်တော်တို့ စပြီးတာဝန်ယူချိန်က ဘုရားကြီးရန်ပုံငွေက ကျပ်သိန်းပေါင်း (၃၅၀၀၀) ရှိတယ်။ အခု တာဝန်ယူတဲ့ (၄)နှစ်တာအတွင်းမှာ ကျပ်သိန်းပေါင်း (၇၀၀၀၀) အထိ နှစ်ဆတိုးလာတယ်။ ဘက်စုံပြုပြင်ရေးမှာလည်း ထင်ရာမြင်ရာ လျှောက်လုပ်တာ မဟုတ်ဘူး။ မြန်မာဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်တို့လို ကျွမ်းကျင်သူတွေနဲ့ လိုအပ်တာတွေ အားလုံးပြင်တယ်။ ကြမ်းခင်းတွေရော၊ တိုင်တွေရော၊ မျက်နှာကျက်တွေရော အားလုံးပြင်ထားတယ်။ နောက်တစ်ခုက လှေတင်တံတား။ အရင်ကဆို ခင်ဗျားတို့သိတဲ့အတိုင်း လှေတင်တံတား လုပ်ထားပြီးတော့ မောင်းတားပြီးတော့ ပိုက်ဆံကောက်တယ်။ အခုဆို ၁၂ ရာသီသွားလို့ရတဲ့ တံတားကြီးကို လုပ်တယ်။ ကျပ်ငွေသိန်းပေါင်း တစ်သောင်းနှစ်ထောင် ကုန်တယ်။ ဒါတွေကလည်း ဘုရားကြီး ပိုက်ဆံနဲ့ပဲ လုပ်တယ်။ နောက်အသွားလမ်း အပြန်လမ်းတွေ လုပ်တယ်။ ကွန်ကရစ်ခင်းထားတယ်။ ဒါတွေကိုလည်း ဘုရားကြီး ရန်ပုံငွေနဲ့ လုပ်တာပဲ။ အဲဒါတွေ နှုတ်ပြီးတဲ့အပြင်ကို ကျပ်ငွေ ကျပ်သိန်းပေါင်း (၇၀၀၀၀) ကျန်သေးတယ်။ စည်းနဲ့ကမ်းနဲ့ ကြိုးစားပြီး လုပ်တာပေါ့” 

ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

ဘုရားပွဲတော်ဖွင့်ပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ၊ မကွေးမြို့ သံဃာရာမ နိကာယ်စာသင်တိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တစိန္တာသာရ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညို၊ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်စော၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~