လာအိုနိုင်ငံမှ ပြန်လာသည့် အတည်ပြုလူနာက Quarantine လိုက်ပို့မည့် အဖွဲ့နှင့် ချိတ်ဆက်မှုမရခဲ့၍ လိုင်းကားစီးခဲ့ခြင်းဖြစ်

လာအိုနိုင်ငံမှ ပြန်လာသည့် အတည်ပြုလူနာက Quarantine လိုက်ပို့မည့် အဖွဲ့နှင့် ချိတ်ဆက်မှုမရခဲ့၍ လိုင်းကားစီးခဲ့ခြင်းဖြစ်
ဇူလိုင် 7, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ ပြန်လာသည့် အတည်ပြုလူနာက Quarantine လိုက်ပို့မည့် အဖွဲ့နှင့် ချိတ်ဆက်မှုမရခဲ့၍ လိုင်းကားစီးခဲ့ခြင်းဖြစ်

လာအိုနိုင်ငံမှပြန်လာသည့် COVID-19 လူနာအမှတ် C-311 သည် တာချီလိတ်မှ ရန်ကုန်အထိ နေရပ်ပြန်ရေး စီစဉ်ပေးထားသည့် မော်တော်ယာဉ်ဖြင့်သာ ပြန်လာနိုင်သော်လည်း ရန်ကုန်တွင် Quarantine လိုက်ပို့မည့်အဖွဲ့နှင့် ချိတ်ဆက်မှု ချက်ချင်းမရခဲ့၍ မိမိအစီအစဉ်ဖြင့် လိုင်းကားစီးနင်းခဲ့ရကြောင်း သိရသည်။

တာချီလိတ်ကနေပို့တာ ရန်ကုန်ကို တန်းရောက်ပါတယ်။ ဒီရောက်တော့မှ  Quarantine  ကို လိုက်ပို့မယ့်သူမရှိဘူး။ ရောက်တော့ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရမယ့်သဘောဖြစ်တာပေါ့။  အောင်မင်္ဂလာကိုမရောက်ဘူး။ ပြည်လမ်းမပေါ်မှာပဲ ဂိတ်ကနေဆင်းရတဲ့သဘောဗျ။ ဘယ်သွားရမှန်းမသိတော့ လိုင်းကားတက်စီးလာတယ်။ ရွာကဥက္ကဌကို လှမ်းဆက်လိုက်တော့ လမ်းမှာဆင်းခိုင်းပြီး အဲဒီနေရာက စောင့်ခိုင်းပါတယ်။ ဧကရီဆောင်မှာ  Quarantine  ဝင်ရမယ်ပြောတယ်။ ဥက္ကဌရော ရာအိမ်မှူးတွေက လာပြီး  Quarantine  ဝင်ခိုင်းတာပေါ့

ဟု COVID-19 လူနာအမှတ် C-311 က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၌ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ပြောကြားလာခြင်း ဖြစ်သည်။

လာအိုနိုင်ငံမှ နေရပ်ပြန် (၁၈၆) ဦးကို ဇွန်လ (၂၄) ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်း၌ ကြိုဆိုလက်ခံပြီး ယင်းနေ့မှာပင် နေရပ်အသီးသီးသို့ စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် ပြန်ပို့ပေးရာတွင် COVID 19 ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာခဲ့ရသည်ဟု သိရသည်။

Mask က တောက်လျှောက်တပ်ရတာ။ အလုပ် လုပ်ရင်လည်းတပ်ရတာပဲ။ ဒီဘက်ပြန်လာတော့လည်း ကားပေါ်မှ ာတပ်ရတာပဲ။ ကားပေါ်ကဆင်းခွင့် မပေးဘူး။ ထမင်း ဘာညာကျွေးတာတောင် ကားပေါ်မှာပဲ ကျွေးတယ်

ဟု COVID-19 လူနာအမှတ် C-311 က ပြောသည်။

အဆိုပါ လူနာအမှတ် C 311 ကို လာအိုမှဝင်လာသည့်နေ့မှာပင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှ စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကာ တောင်ကြီးမှ ရန်ကုန်သို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးစဉ်တူသူ (၁၇) ဦးနှင့်အတူ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ရာ ရန်ကုန်ရောက်ချိန်တွင် quarantine မည်သည့်နေရာတွင် ဝင်ရမည်ကို မသိခဲ့ရ၍ လိုင်းကားစီးကာ တိုက်ကြီးမြို့နယ်ဘက်သို့ ပြန်ခဲ့ကြောင်း သိရသည်။

“အိမ်ပြန်တော့ လိုင်းကား တားစီးရတာပေါ့။ အိမ်မရောက်ပါဘူး။ အဝေးကြီးလိုသေးတယ်။ ကျွန်တော့်ဖုန်းကအားမရှိတော့ လမ်းမှာအသိနဲ့တွေ့တော့မှ ဖုန်းတောင်းဆက်တော့ လမ်းတင်ဆင်းလိုက်ရတာပေါ့”ဟု COVID-19 လူနာအမှတ် C-311 က ပြောသည်။

ကမာရွတ်မြို့နယ်ရှိ  Quarantine  စင်တာသို့ ဇွန်လ (၂၅)ရက်နေ့တွင် ရောက်ရှိနေထိုင်ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ၌ COVID 19 ပိုးတွေ့ရကြောင်း ဇူလိုင်လ (၄) ရက်နေ့တွင် အဖြေရလာ၍ လက်ရှိတွင် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် ကုသပေးနေပြီး လမ်းတစ်လျှောက် အနီးကပ်ထိတွေ့သူများကိုလည်း ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နယ်စပ်မှဝင်လာသည့် ပြည်တော်ပြန်များကို နယ်စပ်မြို့များတွင်  Quarantine ထားရသည့်အခက်အခဲကြောင့် နေရပ်အသီးသီးသို့ စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် ချက်ချင်းပြန်ပို့ကာ  Quarantine  ထားရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~