လူရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် ဖားကန့်မြေပြိုမှုနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ရ ကျောက်မျက်ကုမ္ပဏီက လူ့အခွင့်အရေးအလေးထားမှု အားနည်းသည်ဟု လူ့အခွင့်အရေးကော်မရှင် ထောက်ပြ

လူရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် ဖားကန့်မြေပြိုမှုနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ရ ကျောက်မျက်ကုမ္ပဏီက လူ့အခွင့်အရေးအလေးထားမှု အားနည်းသည်ဟု လူ့အခွင့်အရေးကော်မရှင် ထောက်ပြ
ဇူလိုင် 3, 2020
By Tachileik News Agency
လူရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် ဖားကန့်မြေပြိုမှုနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ရ ကျောက်မျက်ကုမ္ပဏီက လူ့အခွင့်အရေးအလေးထားမှု အားနည်းသည်ဟု လူ့အခွင့်အရေးကော်မရှင် ထောက်ပြ

ကျောက်မျက်တူးဖေါ်ရေးကုမ္ပဏီများ အနေဖြင့် ဆယ်စုနှစ်ချီ၍ လုပ်ပိုင်ခွင့်ရထားသည့်အပြင် ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရနေသော်လည်း လူ့အခွင့်အရေးကို အလေးထားမှု အားနည်းသည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြပြောဆိုလိုက်သည်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ လုပ်ကွက်ဟောင်းနေရာများ၌ ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်း မြေစာပုံများ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့က ပြိုကျသဖြင့် လူပေါင်းရာနှင့်ချီ၍ သေဆုံးသွားမှုနှင့်ပတ်သက်ပြီး ကော်မရှင်က ဇူလိုင်လ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာခြင်းဖြစ်သည်။

 “ကျောက်မျက်ရတနာနယ်မြေအတွင်း မြေစာပုံများကို အမှီပြု၍ ဝမ်းစာရှာဖွေလုပ်ကိုင်နေကြသူများအနေဖြင့် ယင်းတို့၏ ဘဝရှင်သန်ရေးအတွက် အသက်ကို အရင်းပြုကာ အန္တရာယ်ကြားမှ လှုပ်ရှားရုန်းကန်နေကြရသည်ကို ယခုဖြစ်စဉ်အရ ကောင်းစွာသိရှိနားလည်နိုင်ပါသည်။ အဆိုပါ နယ်မြေတွင် ကျောက်မျက် တူးဖေါ်ရေး လုပ်ပိုင်ခွင့် ရရှိထားသူ ကုမ္ပဏီများအနေဖြင့် ဆယ်စုနှစ်ချီ၍ လုပ်ပိုင်ခွင့်များ ရရှိကာ တူးဖေါ်လုပ်ကိုင်နေကြပြီး ဝင်ငွေဒေါ်လာသန်းပေါင်းများစွာ ရရှိနေကြသော်လည်း လူ့အခွင့်အရေးကို အလေးထားပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားမှု အားနည်းသည်ကို တွေ့ရှိရပါသည်”ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လူ့အခွင့်အရေးကို အလေးထားရန်  အစိုးရနှင့် စီးပွားရေးလုပ်ကိုင်သူများတွင် တာဝန်ရှိသည်ဟု ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများတွင် တိုက်တွန်းထားသည်ကိုလည်း ကော်မရှင်က ထောက်ပြပြီး စီးပွားရေးလုပ်ငန်းများ အထိန်းအကွပ်လျော့ရဲစွာ လုပ်ကိုင်နေမှုများကို  ထိန်းသိမ်းရန်နှင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ပြင်ဆင်လုပ်ဆောင်ရန်များကို လုပ်ဆောင်ရန်၊ ဖားကန့်ဖြစ်စဉ်မှ အသက်ဆုံးရှုံးသွားသူများနှင့် ထိခိုက်နစ်နာသူများကိုလည်း သင့်လျော်သော ပြန်လည်ကုစားမှု လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်းများတွင် မြေပြိုမှုများ နှစ်စဉ်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုရှိနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - MFSD


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~