တာချီလိတ်မြို့တွင် သေနတ်မျိုးစုံ (၇)လက် နှင့် ကျည်အတောင့် (၃၃၀၀)ကျော် အပြင် မူးယစ်ဆေးဝါးများဖြင့် လူ(၆)ဦး ဖမ်းမိ

တာချီလိတ်မြို့တွင် သေနတ်မျိုးစုံ (၇)လက် နှင့် ကျည်အတောင့် (၃၃၀၀)ကျော် အပြင် မူးယစ်ဆေးဝါးများဖြင့် လူ(၆)ဦး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားပေါ် တာချီလိတ်ဘက်၌ ဂက်စ်သေနတ်များတွင် အသုံးပြုသည့် အသံလုံ သံမဏိပိုက်များကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိရာက တဆင့် ပါဆတ်ရပ်ကွက်အတွင်း လက်နက်နှင့်မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိကြောင်း သိရသည်။



တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားပေါ် မြန်မာဘက်အခြမ်းတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့ နေ့လည်(၁)နာရီကျော်အချိန်က အောင်အောင်ဆိုသူ မောင်းလာသည့် ထိုင်းနံပါတ်တပ် ယာဉ်အား ရပ်တန့်စစ်ဆေးရာက ဂက်စ်သေနတ်များတွင် အသုံးပြုသည့် အသံလုံ သံမဏိပိုက် (၃)ချောင်းကို တွေ့ရှိသည့်အတွက် စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့-စရတ)ရုံးသို့ ခေါ်ဆောင်ပြီး စစ်ကြောရေးပြုလုပ်ရာက ပါဆတ်ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

စရဖ၏ စစ်ကြောရေးအရ သံမဏိပိုက်များသည် Online Shop ပိုင်ရှင် ဦးစောခင်မောင်ဦး ထံသို့ ပေးပို့ရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ပူးပေါင်းအဖွဲ့က Online Shop ပိုင်ရှင် ဦးစောခင်မောင်ဦး ထံသို့ သွားရောက်ရာတွင် ဦးစောခင်မောင်ဦးနှင့်အတူ လင်းဌေးကျော် နှင့် ပစ္စည်းမှာယူသူဟုဆိုသူ နန်းယိင်းဟွမ်တို့အား တွေ့ရှိ ဖမ်းမိပြီး ဆက်လက်၍ စစ်ဆေးရာက နန်းယိင်းဟွမ်၏ ခင်ပွန်းဖြစ်သူ ဦးစိုင်းလုံ ဆိုသူ၏ နေအိမ်ဖြစ်သည့် ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းရွာရှိ အားပေါင်ခြံသို့ သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ရှာဖွေရာ ဦးစိုင်းလုံ ၏ နေအိမ်တွင် ၎င်းနှင့်အတူ စိုင်းရီ တို့ (၂)ဦးကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ လက်နက်နှင့်မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ရမိသည့် လက်နက်ခဲယမ်းများမှာ M16 သေနတ်၊ ပစ္စတို နှင့် လေသနတ်များ အပါအဝင် သေနတ်မျိုးစုံ (၇)လက်၊ လာအို နှင့် ပါကစ္စတန် နိုင်ငံထုတ် လက်ပစ်ဗုံး (၇)လုံး၊ 9MM ကျည်ဆံ အပါအဝင် ကျည်မျိုးစုံ  ( ၃၃၇၆ )တောင့်၊ ကျည်အိမ်မျိုးစုံ (၅)ခု အပြင် လက်နက်ခဲယမ်းနှင့် ဆက်စပ်သည့် ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအနေဖြင့် ဘိန်းဖြူ ဘလောက်တုံး (၂၆၅)တုံး၊ ဘိန်းမဲ (၄)ထုပ်နှင့် ဘိန်းဖြူ (၁)ထုပ်တို့ကိုလည်း တွေ့ရှိသိမ်းဆည်းပြီး Lexus အဖြူရောင်၊ Master ခဲရောင်၊ Crown ခဲရောင် အမျိုးအစား ကား(၃)စီးကိုလည်း သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်အောင်၊ လင်းဌေးကျော်၊ ဦးစောခင်မောင်ဦး(ခ)တွန့်ဟန်ဝူး၊ နန်းယိင်းဟွမ်၊ စိုင်းလုံ နှင့် စိုင်းရီတို့ (၆)ဦးအား လတ်တလောတွင် တာချီလိတ်မြို့ရှိ ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင် (ပ)၁၅၆/၂၀၂၁ ရှမ်းလက်နက်၁၂-(က)(ဂ)များအရ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တရားလို ပြုလုပ်ပြီး အမှုဖွင့် စစ်ဆေးနေကြောင်း နှင့် မူးယစ်ပုဒ်မဖြင့်ပါ ဖွင့်လှစ်မည်ဟု သိရသည်။

လက်နက်ခဲယမ်းများနှင့် ပတ်သက်၍ အချို့ကို  တာချီလိတ်မြို့ အထက(ဟောင်လိတ်)ကျောင်းအနီးရှိ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့-စရတ)ရုံးတွင် ခေါ်ဆောင်ကာ စစ်ကြောရေးပြုလုပ်နေကြောင်းလည်း သတင်းရင်းမြစ်များထံက သိရသည်။

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တွင်   စစ်ဆေးမှုအား စစ်ဗျူဟာ(အခြေချ)တာချီလိတ်က အဓိက ကြီးကြပ်နေပြီး လက်နက်ခဲယမ်းများ သယ်လာခြင်း ရှိ မရှိကို စစ်ဆေးနိုင်ရန်အတွက် ယာဉ်များအား ကုန်အပြည့်မတင်ဆောင်ရန်၊ ယာဉ်၏ အလယ်လမ်းတွင် လျှောက်လမ်းထား၍ ကုန်ပစ္စည်းသယ်ဆောင်ရန် အမိန့်ပေးထားသည်ဟု သိရသည်။