မန္တလေး - နောင်ချို ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်ပေါ်က ဟိုက်ဒြိုကလိုရစ်အက်စစ်များ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မန္တလေး - နောင်ချို ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်ပေါ်က ဟိုက်ဒြိုကလိုရစ်အက်စစ်များ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဒီဇင်ဘာ 11, 2019
By Tachileik News Agency
မန္တလေး - နောင်ချို ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်ပေါ်က ဟိုက်ဒြိုကလိုရစ်အက်စစ်များ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မန္တလေး - နောင်ချိုကားလမ်းပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ခြေမြစ်ဝင်ကျေးရွာအနီးတွင် ရပ်တန့်ထားသည့် (၁၈)ဘီးယာဉ်အား မသင်္ကာ၍ စစ်ဆေးရှာဖွေရာက ထိန်းချုပ်ဓါတုပစ္စည်းများဖြစ်သည့် ဟိုက်ဒြိုကလိုရစ်အက်စစ် (၁၆၂၀၀)လီတာကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

နောင်ချိုမြို့နယ် ခြေမြစ်ဝင်ကျေးရွာအနီး မန္တလေး - နောင်ချိုကားလမ်းပေါ် မိုင်တိုင် (၅၅/ ၆-၇)အကြားရှိ စက်သုံးဆီဆိုင်အနီးတွင် ရပ်တန့်ထားသည့် (၁၈)ဘီးယာဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မသင်္ကာ၍ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေ(၅)နာရီ (၅၀)မိနစ် ဝန်းကျင်အချိန်က စစ်ဆေးရာက စပါးခွံများဖြင့် ဖုံးအုပ်ထားပြီး  ဟိုက်ဒြိုကလိုရစ်အက်စစ်များ ထည့်ထားသည့် သံပေပါ (၅၄)လုံးအား စစ်ဆေးတွေ့ရှိရာ စုစုပေါင်း ဟိုက်ဒြိုကလိုရစ်အက်စစ်လီတာမှ (၁၆၂၀၀)လီတာရှိကြောင်း သိရသည်။

ဆက်လက်၍ ယာဉ်အတွင်း ရှာဖွေရာတွင် ယာဉ်၏ ခေါင်းခန်းအတွင်းမှ သီဟအောင် အမည်ပါသည့် မှတ်ပုံတင် (၁)ခုကိုလည်း တွေ့ရှိရသည့်အတွက်  သီဟအောင်(ခ) ကုလားကြီး နှင့် ပိုင်ရှင်ဖြစ်သူတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဟိုက်ဒြိုကလိုရစ်အက်စစ်မှာ မူးယစ်ဆေးထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သဖြင့် ထိန်းချုပ်ဓါတုပစ္စည်းစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး အခြား လုပ်ငန်းသုံးအဖြစ် တင်သွင်းလိုပါက တရားဝင် တင်သွင်းခွင့် ခွင့်ပြုချက်လိုအပ်ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Myo Thant Aung

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~