လာအိုနိုင်ငံဘက်မှ ဒုတိယအကြိမ် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၂၃၁)ဦး၏ စာရင်းကို တင်ပြထား

လာအိုနိုင်ငံဘက်မှ ဒုတိယအကြိမ် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၂၃၁)ဦး၏ စာရင်းကို တင်ပြထား
မေ 25, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်မှ ဒုတိယအကြိမ် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၂၃၁)ဦး၏ စာရင်းကို တင်ပြထား

မြန်မာ - လာအိုနယ်စပ်ဒေသ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ် တုန်ဖိန်းမြို့နယ်အတွင်းနေ  မြန်မာနိုင်ငံသားများထဲက covid-19 ကာလတွင်း နေရပ်ပြန်လိုသူမှာ ဒုတိယအကြိမ်တွင် (၂၃၁)ဦးရှိနေပြီး မြန်မာ - လာအို နှစ်ဖက်ချိတ်ဆက် ညှိနှိုင်းလက်ခံနိုင်ရန်အတွက် အမည်စာရင်း အချက်အလက်များကို လာအိုဘက်တွင် တင်ပြထားကြောင်း သိရသည်။

(၂၃၁)ယောက်ကို ကျွန်တော်တို့ ဒီဖက် သက်ဆိုင်ရာဌာနကို တင်ပြီးသွားပြီ၊ တတိယအသုတ် ပြန်ဖို့အတွက်ကိုတော့ ကျွန်တော်တို့ ရုံးကပဲ ပြန်ပြီးစာရင်းကောက်သွားမယ်၊ ဒါပေမဲ့ ဘယ်နေ့မှာ စာရင်းကောက်သွားမယ်ဆိုတာကိုတော့ ကြေငြာပေးမှာ၊ သတ်မှတ်ရက်တော့ မရှိသေးဘူး၊ လောလောဆယ် ပြန်မဲ့သူတွေအတွက်ပဲ စီစဉ်ပေးရဦးမှာပါ

ဟု လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ်အတွင်း ရခိုင်ရွာ(မြန်မာရွာ)အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်လိုသူများသည် (၂၃၁)ဦးရှိပြီး ကလေးငယ်များအပါအဝင် အမျိုးသား(၁၆၀)ဦး နှင့် အမျိုးသမီး (၇၁)ဦး ပါဝင်ကြောင်း သိရသည်။

လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ရန်အတွက် နှစ်ဖက်သက်ဆိုင်ရာများ ချိတ်ဆက် ညှိနှိုင်းကာ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုဘက်က စာရင်းဇယားပေးလာတဲ့အခါ ညှိနှိုင်းပြီးတော့ ရက်သတ်မှတ်ပြီးတော့မှ အပေါ်ကိုတင်ပြမယ်၊ ပြီးတော့မှ ခေါ်မယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

နေရပ်ပြန်လိုသူများ၏ စာရင်းများကို လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ်အတွင်း ရခိုင်ရွာ(မြန်မာရွာ)အုပ်ချုပ်ရေးမှူး ဦးနိုင်လင်း နှင့် အဖွဲ့က ကောက်ခံပေးနေခြင်း ဖြစ်ပြီး လာအိုဘက်မှ အမည်စာရင်းများကို စိစစ်ကာ နှစ်ဖက်တင်ပြ ညှိနှိုင်းပြီးသွားပါက လာအိုဘက်ရှိ မိုင်းမောဆိပ်ကမ်းမှ တဆင့် တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းဘက်သို့ ပြန်လာနိုင်မည်ဖြစ်သည်။

လတ်တလောတွင် နေရပ်ပြန်ရမည့် နေ့ကို မသိရသေးသော်လည်း မကြာမီတွင် ပြန်နိုင်မည်ဖြစ်ပြီး ပြန်ရမည့် သတ်မှတ်ရက်ကိုလည်း အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုဘက်မှ ပြန်လာမည့်သူများအား တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက သက်ဆိုင်ရာများ ဖြင့် ချိတ်ဆက်ကာ နေရပ်ပြန်ရန်အတွက် ကားစီစဉ်ပေးခြင်း၊ လမ်းတွင် စားနိုင်ရန်အတွက် ထမင်းဗူးစီစဉ်ပေးခြင်း၊ ငွေလဲကောင်တာ စီစဉ်ခြင်း နှင့် ကျန်းမာရေးစစ်ပေးခြင်းများကို နေရပ်ပြန်များ ပြန်လည်ဝင်ရောက်လာမည့် ဝမ်ပုံဆိပ်ကမ်းတွင် ဆောင်ရွက်ပေးထားမည်ဖြစ်ပြီး နေရပ်ပြန်များအနေဖြင့် နေရပ်ပြန်ရန်အတွက် ကားခများကို မိမိတို့အစီအစဉ်ဖြင့်သာ ကုန်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံဘက်မှ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသား(၁၃၁)ဦးသည် ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့က တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~