ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန် မြန်မာနိုင်ငံသား(၂၀၀)ဝန်းကျင်ကို တာချီလိတ်တွင် လက်ခံကြိုဆိုလိုက်ပြီး (၁၄)ရက်သတ်မှတ်ကာ သီးသန့်စောင့်ကြည့်

ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန် မြန်မာနိုင်ငံသား(၂၀၀)ဝန်းကျင်ကို တာချီလိတ်တွင် လက်ခံကြိုဆိုလိုက်ပြီး (၁၄)ရက်သတ်မှတ်ကာ သီးသန့်စောင့်ကြည့်
ဧပြီ 6, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန် မြန်မာနိုင်ငံသား(၂၀၀)ဝန်းကျင်ကို တာချီလိတ်တွင် လက်ခံကြိုဆိုလိုက်ပြီး (၁၄)ရက် သတ်မှတ်ကာ သီးသန့်စောင့်ကြည့်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ နံနက်က ထိုင်းနိုင်ငံမှ နေရပ်ပြန် (၂၀၀)ဝန်းကျင်ကို လက်ခံပြီး (၁၄)ရက်သီးခြားစာင့်ကြည့်နေရာတွင် နေရာချထားပေးသည်။

အမျိုးသမီး (၁)ဆောင်၊ အမျိုးသား (၁)ဆောင် သီးခြားခွဲထားပါတယ်။ အဓိက ကျန်းမာရေး အခြေအနေအရ ခပ်ခွာခွာပဲ နေရမှာဖြစ်တော့ (၆) ပေခြားလောက် ထားတယ်။ ပြီးတော့ အသုံးပြုရမယ့် အိမ်သာတို့ကိုလည်း သီးခြားဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးထားပါတယ်။ အိမ်သာအတက်အဆင်းမှာလည်း မကြာခဏ လက်ဆေးနိုင်ဖို့ စီစဉ်ထားပါတယ်

ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူဦးရေ(၂၀၀)ဝန်းကျင်အား (၁၄)ရက်အကြာ ရက်ရှည်ကျွေးမွေးစောင့်ရှောက်ထားရမည်ဖြစ်သည့်အတွက် အလှူရှင်များလည်း လိုအပ်နေလျက်ရှိကြောင်း သိရသည်။

စားရေး သောက်ရေးအတွက်လည်း အဆင်ပြေအောင် ဒီတစ်ရက်၊ နှစ်ရက်မှာ ဆောင်ရွက်ထားပါတယ်။ အဲဒါက ဘာလိုလဲဆိုတော့ အလှူခံဖို့လည်း လိုပါတယ်။ ဒီမှာက အင်အားက (၂၀၀)ကျော်လောက်ရှိပါတယ်။ လုံခြုံရေး ဝန်ထမ်းအင်အားရော၊ လုပ်အားပေး အင်အားရော၊ Quarantine လုပ်ထားတဲ့ အင်အားရောဆိုရင် (၂၅၀) ဝန်းကျင်လောက်ရှိပါတယ်။ အဲဒီအတွက် အလှူရှင်တွေ ဝိုင်းပြီးတော့ ကူညီကြမယ်ဆိုရင် ကျွန်တော်တို့ ဝမ်းပန်းတသာနဲ့ လက်ခံမှာဖြစ်ပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင်း ဒေသအသီးအသီးမှ  မယ်ဆိုင်မြို့သို့ မတ်လ (၃၀)ရက်နေ့မှ ဧပြီလ (၅)ရက်နေ့အတွင်း ရောက်လာကြသည့် မြန်မာနိုင်ငံသား (၂၀၀)ဝန်းကျင်အား တာချီလိတ်ဘက်သို့ ဝင်ခွင့်ပြုပြီး သီးခြားစောင့်ကြည့်မည့် မိုးကုတ်တရားရိပ်သာ၏ အဆောက်အဦဝန်းသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

အဆိုပါ သီးခြားစောင့်ကြည့်မည့် နေရာတွင် (၁၄)ရက်အတွင်း ကူညီ လုပ်ဆောင်ပေးကြရန်အတွက်  စေတနာ့ဝန်ထမ်း (Volunteer)ဦးရေ (၄၀)ကျော်က ကူညီဆောင်ရွက်ကြရန် စာရင်းပေးထားကြပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် နေရပ်ပြန်လာသူများအား မိမိတို့နေအိမ်တွင် (၁၄)ရက်သီးခြား ခွဲ၍ နေထိုင်စေခြင်းဖြင့် ဝင်ခွင့်ပြုခဲ့သော်လည်း မြဝတီနယ်စပ်နှင့် တာချီလိတ်နယ်စပ်တို့မှ ဝင်လာသူများအနက် အတည်ပြုလူနာ (၂)ယောက်ကို တွေ့ခဲ့ရပြီးနောက် နယ်စပ်မြို့များတွင် (၁၄)ရက် စောင့်ကြည့်သည့် နေရာများ စီစဉ်ကာ ကျန်းမာရေး အခြေအနေစောင့်ကြည့်မှု လုပ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါ သီးခြားစောင့်ကြည့်နေရာများကို ရပ်ရွာလူထုအခြေပြုစောင့်ကြည့်စခန်းများအဖြစ် ခရိုင်နှင့် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများက ဦးစီးအကောင်အထည်ဖေါ်နေခြင်းဖြစ်ပြီး (၁၄)ရက် စောင့်ကြည့်စခန်းများအတွက် ပြည်နယ်အစိုးရက ကျပ်သိန်း (၅၀)စီကို မတည်ပေးထားသော်လည်း အဓိကအားဖြင့် စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~