တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၃၀)ကို အသွားအလာ ကန့်သတ်ထားစဉ် တာဝန်ထမ်းဆောင်မည့် ဆရာဝန် (၃)ဦး မကြာမီရောက်ရှိနိုင်

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၃၀)ကို အသွားအလာ ကန့်သတ်ထားစဉ် တာဝန်ထမ်းဆောင်မည့် ဆရာဝန် (၃)ဦး မကြာမီရောက်ရှိနိုင်
ဧပြီ 22, 2020
By 🌸
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၃၀)ကို အသွားအလာ ကန့်သတ်ထားစဉ် တာဝန်ထမ်းဆောင်မည့် ဆရာဝန် (၃)ဦး မကြာမီရောက်ရှိနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း (၃၀)ဦးကို အသွားအလာကန့်သတ်ထားရသဖြင့် ထပ်မံဖြည့်တင်းထားသည့် ဆရာဝန် (၃)ဦးမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် ရောက်ရှိနိုင်ပြီး လက်ရှိတွင် တပ်မတော်မှ ကုသရေးအဖွဲ့ဖြင့်  အားဖြည့်ထားကြောင်း သိရသည်။

“ဒီကိုလာတဲ့ ဆရာဝန်တွေက (၂၃) ရက်နေ့ရောက်မယ်ကြားတယ်။ လေယာဉ်နဲ့လာမယ်တဲ့။ OG ကလည်း ဒီနေ့တောင် သွားမလိုလိုကြားတယ်”

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

တာချီလိတ်တွင် ပထမဆုံး COVID 19 အတည်ပြုလူနာ (Case 96) နှင့် ထိတွေ့မှုရှိ၍ ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် (၁၀)ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို ဧပြီလ (၁၅)ရက်နေ့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း (Quarantine) လုပ်ထားရသဖြင့် မန္တလေး မှ မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ကုသဆရာဝန် ၊ ကျိုင်းတုံမှ သားဖွားမီးယပ်ဆရာဝန်တို့ကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ယာယီအားဖြည့် တာဝန်ထမ်းဆောင်ရန် စေလွှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြည်သူ့ဆေးရုံမှ  ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို ဧပြီလ (၁၅)ရက်နေ့ကတည်းက အသွားအလာ ကန့်သတ်ထားခြင်းဖြစ်ပြီး ယင်းတို့အနက်မှ သူနာပြုဆရာမတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဧပြီလ (၂၀)ရက်နေ့၌  ဓါတ်ခွဲအဖြေရလာသဖြင့် ဧပြီလ (၁၅)ရက်နေ့မတိုင်မီက အဆိုပါ သူနာပြုနှင့် ထိတွေ့မှုရှိသူများအား အသွားအလာ ကန့်သတ်ရာ  ခရိုင်ပြည်သူ့ဆေးရုံမှ နောက်ထပ် ကျန်းမာရေးဝန်ထမ်း (၉)ဦး ပါဝင်သွားခြင်းဖြစ်သည်။

“တာချီလိတ်ဆေးရုံမှာ လက်ကျန်အင်အားနဲ့ လိုမယ့်အင်အားစာရင်းတောင်းထားတာမှာ လက်ထောက်ဆရာဝန်က (၄)ဦးလောက်လိုမယ်။ သူနာပြုက (၆)ဦးလောက်လိုမယ်။ အခုလောက်လျော့သွားတာ က အင်အားအများကြီး မလျော့ဘူး။ လုပ်ငန်းပုံမှန်လည်ပတ်လို့ရတယ်။ လက်ရှိကတော့ ခြေနိုင်လက်နိုင်အခြေအနေမှာရှိတယ်။ တိုက်နယ်ဆေးရုံက ဆရာဝန်တွေ၊ ဆရာမတွေကို  တာချီလိတ်ဆေးရုံကို  အင်အားပြန်ပေါင်းစည်းလို့ရတယ် ။ ရုံးချုပ်ကို လိုတဲ့အင်အားစာရင်း တင်ပြထားတဲ့အပြင် တိုက်နယ်ဆေးရုံက အင်အားထပ်ပေါင်းလို့ရတာကိုလည်း  တင်ပြထားတယ်။ အခု အင်အားထပ်ဖြည့်ပေးထားတဲ့ ဆရာဝန် (၃)ယောက် ရောက်လာတယ်ဆိုရင်ပဲ Specialist အင်အားပြည့်ပါပြီ။ လတ်တလောမှာ ရိုးရိုးမွေးတာတွေအတွက်ကလည်း ဆရာဝန်တွေ၊ သူနာပြုတွေရှိပါတယ်။ အကယ်၍ အရေးပေါ် ခွဲရမယ်ဆိုရင်တောင် အခုတပ်မတော်က ခွဲစိတ်ပါရဂူတစ်ယောက်လည်း  ရောက်နေတယ်ဆိုတော့ ဆေးရုံကစီမံခန့်ခွဲမှုနဲ့ လုပ်လို့ရပါတယ်”

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်ပြည်သူ့ဆေးရုံတွင် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်မှ အထွေထွေကုသမားတော်၊ ခွဲစိတ်အထူးကုအပါအဝင် ဆရာဝန်(၆)ဦးနှင့် သူနာပြု(၆)ဦးပါဝင်သည့်အဖွဲ့ကို  စေလွှတ်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ပေးနေပြီဖြစ်သည်။

အတည်ပြုလူနာ (Case 112) ဆရာမ တာဝန်ထမ်းဆောင်ရာ သားဖွား/ မီးယပ်အဆောင်ကိုလည်း ပိုးသတ်သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားသည့်အပြင် မွေးခန်းနေရာအသစ်များကို ပြင်ဆင်ထားကြောင်း သိရသည်။

“မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းက မွေးခန်းကို သုံးလို့ရတယ်။ နောက် တာချီလိတ်ဆေးရုံကြီးရဲ့ အခန်းတစ်ခန်းကိုလည်း အရေးပေါ်မွေးလို့ရအောင် မွေးခန်းလုပ်ပေးနေတယ်။ နောက် ဆေးရုံဟောင်းမှာလည်း မွေးခန်းလုပ်ပေးထားတယ်လို့ ပြောတယ်။ ရိုးရိုးမွေးလို့ရတဲ့သူတွေကတော့ ဆရာဝန်တွေ၊ ဆရာမတွေရှိတယ်။ အထူးကုနဲ့ အရေးပေါ်ခွဲရမယ့်သူတွေကတော့ အခု ကျိုင်းတုံဆေးရုံကို လာကြတယ်”

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

ပထမဆုံး အတည်ပြုလူနာအား အသွားအလာစတင်ကန့်သတ်လိုက်သည့် ဧပြီလ (၁၅)ရက်နေ့မှစပြီး  တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအား ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~