တာချီလိတ်ရွှေတိဂုံစေတီ မုခ်ဦးအနီးတွင် ခေါင်းကို ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယူသွားမှု ဖြစ်ပွား

တာချီလိတ်ရွှေတိဂုံစေတီ မုခ်ဦးအနီးတွင် ခေါင်းကို ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယူသွားမှု ဖြစ်ပွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော် မုခ်ဦးအနီးတွင်  ဓါးများကိုင်ဆောင်ထားသည့် လူငယ်(၃)ဦးက ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူသွားမှု ဖြစ်ပွားခဲ့ပြီး ဓါးခုတ်ခံရသူမှာ (၆)ချက် ချုပ်လိုက်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့အကူးပိုင်း နံနက်(၂)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး အသက်(၁၈)နှစ်ဝန်းကျင်အရွယ် လူငယ်(၃)ဦးက ဓါးဖြင့် လည်ပင်းကိုထောက်ထားပြီးနောက် ဦးခေါင်းကို ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်ယူသွားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်သူငယ်ချင်းကို ဓားနဲ့ထောက်ထားတဲ့ ကောင်လေးဆိုရင် အသက်အရမ်းကို ငယ်လောက်ပါသေးတယ်။ အသက် (၁၇)(၁၈) (၁၉)နှစ်အရွယ်လေးပါ။"ဟု ဓါးခုတ်ခံရသည့် ဆိုင်ကယ်ပိုင်ရှင်က Tachileik News Agency ကို ပြောပြသည်။

ဖြစ်စဉ်မှာ  တာချီလိတ်ရွှေတိဂုံစေတီတော် မုခ်ဦးအနီးတွင် ဆေးလိပ်ထိုင်သောက်နေသည့် လူငယ်(၂)ဦးကို အမည်မသိ လူငယ်(၃)ဦးက ဓါးဖြင့် လည်ပင်းကို ထောက်ပြီးနောက် ဦးခေါင်းကို ခုတ်ကာ ဆိုင်ကယ်ယူသွားခြင်း ဖြစ်သည်။

"ကျွန်တော့် သူငယ်ချင်းနဲ့ (၂)ယောက် ရွှေတိဂုံအောက်က ဆိုင်မှာ ဆေးလိပ်သွားဝယ်ပြီး ရွှေတိဂုံကုန်းရဲ့ မုခ်ဦးအနီးမှာ ဆေးလိပ်ထိုင်သောက်နေတာ။ အနောက်ကနေ အင်္ကျီခေါင်းစွပ်လေးတွေနဲ့ ကောင်လေး(၃)ယောက် ရောက်ချလာတာ။ ကျွန်တော့် သူငယ်ချင်းက သဘောကောင်းပြီး ဆေးလိပ်သောက်ဦးမလားလို့တောင် ပြောလိုက်သေးတယ်။ အဲ့ချိန်မှာ ဘာမပြော ညာမပြောနဲ့ ဓါးထုတ်ပြီး ကျွန်တော်တို့ လည်ပင်းကို ထောက်ထားတာ။ ဆိုင်ကယ်သော့ ပေးလို့ ပြောတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း ဘာမှ ပြန်မပြောတော့ဘဲ သော့ပေးလိုက်တယ်။ သူတို့ကို ဘာမှပြန်မလုပ်ဘဲနဲ့ကို ကျွန်တော့်ခေါင်းကို ဓါးနဲ့ ခုတ်သွားတယ်။"ဟု ဆိုင်ကယ်ပိုင်ရှင်က ပြောပြသည်။

ယူသွားသည့် ဆိုင်ကယ်အမျိုးအစားမှာ Honda Wave 110i အနီရောင်ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ်သည် လိုင်စင်ရှိသည့် ဆိုင်ကယ်ဖြစ်သလို GPS လည်း တပ်ဆင်ထားကြောင်းနှင့် ဆိုင်ကယ်၏ ဘောင်အမှတ်မှာ MLHJA1443F52F55781 ဖြစ်ကြောင်း သိရသည်။ 

"ခေါင်းကို ဓါးနဲ့ခုတ်သွားတာ (၆)ချက်လောက် ချုပ်လိုက်ရတယ်။ အဲ့ဒီ ကောင်လေး  (၃)ယောက်လုံးကို မြင်ရင် မှတ်မိတယ်။"ဟု ဆိုသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါး အဖြစ်များနေရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန့်ကျင်သူတွေကိုသာ ရမ်းသမ်းဖမ်းဆီးခြင်းအဖြစ် ဦးစားပေးလုပ်ဆောင်နေပြီး ခိုးဆိုးလုယက်မှုများကို ဖော်ထုတ်ဖမ်းဆီးမှုများ မပြုလုပ်၍ ရဲနှင့်စစ်တပ်က ခိုးဆိုးလုယက်မှု ကျူးလွန်သူများထံက ခွဲတမ်းပြန်ခွဲယူနေသလားဟု   ဒေသခံများက ဝေဖန်သံများ ထွက်ပေါ်နေသည်။