တာချီလိတ်တွင် (၂၁)ရက် Facilities Quarantineထားရှိသည့် ပြည်တော်ပြန်များထဲက (၁၀)ရာခိုင်နှုန်းကို ဓါတ်ခွဲနမူနာရယူရန် စီစဉ်

တာချီလိတ်တွင် (၂၁)ရက် Facilities Quarantineထားရှိသည့် ပြည်တော်ပြန်များထဲက (၁၀)ရာခိုင်နှုန်းကို ဓါတ်ခွဲနမူနာရယူရန် စီစဉ်
ဧပြီ 22, 2020
By Tachileik News Agency
တာချီလိတ်တွင် (၂၁)ရက် Facilities Quarantineထားရှိသည့် ပြည်တော်ပြန်များထဲက (၁၀)ရာခိုင်နှုန်းကို ဓါတ်ခွဲနမူနာရယူရန် စီစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Facilities Quarantine ထားရှိသည့် နေရပ်ပြန် လူဦးရေ (၂၀၄) ဦး၏ (၁၀)ရာခိုင်နှုန်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၌ ဓါတ်ခွဲနမူနာရယူစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Facilities Quarantine တွင် ထားရှိသူများမှာ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများဖြစ်ကြပြီး ဧပြီလ (၆) ရက်နေ့မှစ၍ (၂၁) ရက် Facilities Quarantine ထားရှိခြင်းဖြစ်သည်။

(၂၀၄)ဦးထဲက ဓါတ်ခွဲနမူနာရယူရန်အတွက် ရွေးချယ်ရာတွင် နံနက်နှင့်ည တစ်ရက် နှစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းထဲက ကိုယ်အပူအချိန် မတည်ငြိမ်သူများကို အဓိက အခြေခံခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရှိ Facilities Quarantine မှ သတ်မှတ်ရက်ပြည့်သွားပါက နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"ဒီထဲက (၁၀)ရာခိုင်နှုန်းကို ဓါတ်ခွဲနမူနာယူဖို့ ကျန်းမာရေးက လုပ်နေတယ်။ သူတို့တွေ သတ်မှတ်ရက် ပြည့်သွားရင် နေရပ်ပြန်တဲ့အခါမှာ မြို့တွေ ဒေသတွေ တူတဲ့လူတွေကို သပ်သပ်ခွဲတာတွေ ကားတစ်စီးတည်း ဖြစ်အောင်တွေ စာရင်းလုပ်နေပါတယ်။ သူတို့ ပြန်တဲ့အခါမှာလည်း ဒီဖက်မှာ ရက်ပြည့်နေထိုင်သွားကြောင်းဆိုတဲ့ ထောက်ခံစာလည်း သက်ဆိုင်ရာက ထုတ်ပေးသွားမှာပါ။" ဟု တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရှိ Facilities Quarantine ကို ကြီးကြပ်ကွပ်ကဲနေသည့် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ပထမအသုတ် ဖြစ်သည့် (၉၂)ဦးသည် ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာကာ လွှဲပြောင်းပေးလာသူများဖြစ်ပြီး ငွေကြေးအခက်အခဲရှိသည့်အတွက် ၎င်းတို့၏ နေရပ်ပြန်စရိတ်အား တာချီလိတ်ရှိ စေတနာရှင်များက ကျပ်သိန်း (၈၀)ဝန်းကျင် အကုန်အကျခံကာ စီစဉ်ပေးခဲ့သော်လည်း ယခုအခါမှာ နေရပ်ပြန် မြန်မာလုပ်သားများ ဖြစ်သည့်အတွက် သက်ဆိုင်ရာများက ကားငှားပေးခြင်းကိုသာ စီစဉ်ပေးမည်ဖြစ်ပြီး ကားခကိုတော့ ၎င်းတို့ဘာသာ ကုန်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Facilities Quarantine (၂၁) ရက်ပြည့်သွားသူများ အနေဖြင့် ပိုမိုစိတ်ချစေရန် နောက်ထပ် (၇)ရက်ကို  အခြားလူများ၊  မိသားစုဝင်များဖြင့် ထိတွေ့မှု မရှိစေဘဲ အနည်းဆုံး (၆)ပေအကွာမှသာနေထိုင်ရန်၊  မိမိနေအိမ်တွင်သာ သီးခြားနေထိုင်ရန်၊ လူစုလူဝေးကို အထူးရှောင်ရန်လိုအပ်ကြောင်း သိရသည်။

Quarantine မှပြန်မည့်သူများကို လာရောက်ခေါ်ဆောင်သူများအနေဖြင့် လူူအများအပြားဖြင့် လာရောက်ခေါ်ဆောင်ခြင်း၊ ပွေ့ဖက်နှုတ်ဆက်ခြင်းများ မပြုလုပ်ရန်၊ နေအိမ်သို့ ပြန်သည့်လမ်းတလျှောက်တွင် နှာခေါင်းစည်း ဝတ်ဆင်ထားရန်၊ မိမိနေအိမ်သို့ ပြန်ရာတွင် ဖြစ်နိုင်ပါက မှန်အလုံပိတ်ယာဉ်များ အသုံးမပြုရန်၊ လမ်းတလျှောက်တွင် အများသုံးယာဉ်ရပ်နားစခန်းနှင့် စားသောက်ဆိုင်များ စသည့် လူအများစုဝေးရာတွင် ရပ်နားခြင်း မပြုရန်၊  အိမ်တွင် လေဝင်လေထွက်ကောင်းစွာရရန် ပြုလုပ်ထားရန်၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို သီးသန့်ထားရန်၊ နေအိမ်တွင် ဧည့်သည်လက်မခံရန်၊ စကားပြောရာတွင် Mask အသုံးပြုရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ နေမကောင်းဖြစ်ပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ရန်တို့ကို ဆက်လက်လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~