တာချီလိတ်ခရိုင်အတွင်း တာလေမြို့ရှိ မူလတန်းလွန်ကျောင်းတွင် ကျောင်းသူ တစ်ဦး Covid-19  ကူးစက်ခံထားရ

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ရှိ မူလတန်းလွန်ကျောင်းတွင် ကျောင်းသူ တစ်ဦး Covid-19  ကူးစက်ခံထားရ
နိုဝင်ဘာ 13, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ရှိ မူလတန်းလွန်ကျောင်းတွင် Covid-19 ကူးစက်ခံထားရသည့် ကျောင်းသူတစ်ဦးတွေ့ရှိရကြောင်း သိရသည်။

တာလေမြို့ ပန်ချီဟက်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(ပန်ချီဟက်)တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့၏ စစ်ဆေးမှုအတွင်း Grade - 6 မှ ကျောင်းသူတစ်ဦးတွင် Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အခြေခံပညာမူလတန်းလွန်ကျောင်း(ပန်ချီဟက်)တွင် ကျောင်းသား၊ ကျောင်းသူ (၄၉)ဦးရှိသည့်အတွက် အဆိုပါကျောင်းအား Covid-19 ထိန်းချုပ်ရေးအတွက် ဆက်လက် ဖွင့် မဖွင့် နှင့် ပိတ် မပိတ်ကိုတော့ မသိရသေးပါ။ 

"အခုဆိုရင် တာလေအုပ်စုက ကျောင်းတွေမှာ ပိုးတွေ့လူနာတွေ များနေတယ်။ ကလေးတွေမှာရော။ ရပ်ရွာထဲမှာရော။ တခြားရွာတွေမှာလည်းတွေ့နေပါတယ်"ဟု တာလေမြို့နေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

တာလေမြို့ရှိ အထက(တာလေ)တွင် ပိုးတွေ့ရသော်လည်း ပိုးတွေ့သည့် အတန်းကိုသာ ပိတ်သည်ဟု ကြားသိရသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Tachileik News Agency အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း နိုဝင်ဘာလ(၁၄)ရက်နေ့တွင် အထက(တာလေ)တွင် Covid-19 စစ်ဆေးရေး အစီအစဉ်ရှိသည်ဟု ကြားသိရသည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းအတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်းမှာ (၇၀၀)ကျော်အထိရှိနေပြီး သေဆုံးသူမှာလည်း (၁၅)ဦးအထိ ရှိနေကြောင်း သိရသည်။

 

တာလေမြို့တွင် ကျန်းမာရေးက စစ်ဆေးပေးသည့် အရေအတွက်ထက် ထက်ဝက်နီးပါးမှာ မိမိအစီအစဉ်ဖြင့် Test Kit များကို ပြင်ပမှ ဝယ်ယူစစ်ဆေးပြီး ပိုးတွေ့၍ နေအိမ်တွင်သာ နေထိုင်သူက များနေကြောင်းလည်း သိရသည်။