တာချီလိတ်မြို့သို့ အင်တာနက်ပေးနေသည့် ကုမ္ပဏီများကို အရေးယူပေးရန် ထိုင်းဘက်သို့ အကြောင်းကြား

တာချီလိတ်မြို့သို့ အင်တာနက်ပေးနေသည့် ကုမ္ပဏီများကို အရေးယူပေးရန် ထိုင်းဘက်သို့ အကြောင်းကြား
မတ် 24, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ အင်တာနက်လိုင်းများကို  ရယူသုံးစွဲနေမှုနှင့် ပတ်သက်ပြီး မြန်မာဘက်သို့ အင်တာနက်လိုင်းပေးနေသည့် ကုမ္ပဏီကို အရေးယူပေးရန်  ထိုင်းဘက်သို့ အကြောင်းကြားထားသည်။

မြန်မာနိုင်ငံ၏ အလက်ရှိ အခြေအနေအရ အာဏာသိမ်းစစ်ကောင်စီအုပ်စုက တည်ငြိမ်အေးချမ်းရေးအတွက်ဟုဆိုကာ အင်တာနက်များကို ထိန်းချုပ်ထားပြီး  International Gatways (IGW) ရရှိထားသည့် အင်တာနက်လိုင်း (၁၇)ခုအနက် တာချီလိတ်မြို့တွင်  International Gatways (IGW)ရရှိသည့် (၈)ခုရှိပြီး တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်နှင့် တံတားအောက်တို့တွင်  တရားမဝင်သွယ်တန်းထားသည့် အင်တာနက် ကြိုးများကို   သံဖြတ်ကတ်ကြေးဖြင့်  မတ်လ (၁၇)ရက်နေ့က ဖြတ်တောက်ခဲ့ပြီးနောက် မြန်မာဘက်သို့ အင်တာနက်ပေးနေသည့် ထိုင်းကုမ္ပဏီများကို အရေးယူပေးရန် အကြောင်းကြားထားခြင်း ဖြစ်သည်။ 

မြန်မာဘက်က အကြောင်းကြားထားသည့်အပေါ် အရေးယူမှုအခြေအနေအား မေးမြန်းရာ ထိုင်းဘက်က သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားကြောင်း အလွတ်သဘော အစည်းအဝေးတွင် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ထိုင်းဘက်က အင်တာနက်ရယူမှုကို ဖြတ်တောက်ရန်အတွက် တာချီလိတ်ရှိ အင်တာနက်ကုမ္ပဏီအချို့၏ လှုပ်ဆော်မှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း အင်တာနက်ကုမ္ပဏီအချို့က ပြောဆိုနေသည်ကိုလည်း ကြားသိရသည်။

တာချီလိတ်မြို့ရှိ အင်တာနက်ကုမ္ပဏီမှ တာဝန်ရှိသူများအား မတ်လ (၁၆) ရက်နေ့က တာချီလိတ်စစ်ဗျူဟာသို့ ခေါ်ယူတွေ့ဆုံပြီး အင်တာနက်လိုင်းများကို ပိတ်ထားရန် ညွှန်ကြားထားပြီး လိုက်လံစစ်ဆေးပြီးမှသာ စိစစ်ခွင့်ပြုပေးသွားမည်ဟု ပြောကြားထားခဲ့ပြီး မတ်လ (၁၇)ရက်နေ့တွင် ဖိုင်ဘာကြိုးများကို လိုက်ဖြတ်လိုက်ပြီးနောက် ထိုင်းအင်တနက်ကုမ္ပဏီများကို အရေးယူပေးရန် ထိုင်းဘက်ကို အကြောင်းကြားထားခြင်း ဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ခေါင်ဒယ်လ်တာဘွတ်တစ်ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်က အမှတ်(၃) လှုပ်ရှားယန္တရားတပ် ဗျူဟာမှူး၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီ (မယ်ဆိုင်) ဥက္ကဌ ဗိုလ်မှူးကြီး ဆမ်ရစ် ချတ်ဝပ်ထနား စကူလ် နှင့် အဖွဲ့ဝင်များ၊ မြန်မာဘက်က  စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)မှ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဖေသက်သန်းနှင့် အဖွဲ့က တွေ့ဆုံက အလွတ်သဘောဆွေးနွေးခဲ့ကြခြင်းဖြစ်ရာ အင်တာနက်လိုင်းကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။