ကျိုင်းတုံအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသည့် ထိုင်းနိုင်ငံသားများက တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)မှ တဆင့် လွှဲပြောင်း ပြည်နှင်

ကျိုင်းတုံအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသည့် ထိုင်းနိုင်ငံသားများက တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)မှ တဆင့် လွှဲပြောင်း ပြည်နှင်
ဧပြီ 30, 2020
By Tachileik News Agency
ကျိုင်းတုံအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသည့် ထိုင်းနိုင်ငံသားများက တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)မှ တဆင့် လွှဲပြောင်း ပြည်နှင်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ  အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသား (၂၆)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းဘက်သို့ ပြည်နှင်လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

ကျိုင်းတုံအကျဉ်းထောင်ကနေ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တာက မြန်မာနှစ်ဆန်း (၁) ရက် ဧပြီလ (၁၇) ရက်နေ့ကတည်း လွတ်တာပါ။ ကျွန်တော်တို့ဘက်က လွှဲပေးဖို့ အဆင်သင့်ဖြစ်ပေမဲ့ သူတို့ဘက်က COVID 19 နဲ့ဆိုတော့ သူတို့နိုင်ငံသားတွေ  လက်ခံဖို့ အဆင်သင့် စာရင်းဇယား မဖြစ်သေးတဲ့အတွက် မနေ့ညကမှ သူတို့ဘက်က လက်ခံမယ် အကြောင်းကြားထားတဲ့အတွက် ဒီနေ့ လွှဲပြောင်းပေးတာပါ

ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံသား (၂၄)ဦးနှင့် ထိုင်းနိုင်ငံသူ (၂)ဦးအဖွဲ့ကို ကျိုင်းတုံအကျဉ်းထောင်မှနေ၍ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)အထိ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများအဖွဲ့က ခေါ်ဆောင်လာပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြည်နှင်ဒဏ်လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ လွှဲပြောင်းပေးလိုက်သည့် ပြည်နှင်ခံရသည့် ထိုင်းနိုင်ငံသားများတွင် ထိုင်းနိုင်ငံဘက်မှ မူးယစ်ဆေးဝါးမှုဖြင့် အလိုရှိတရားခံအချို့လည်း ပါဝင်ကြောင်း သိရသည်။

တစ်ချို့တွေကလည်း သူတို့နိုင်ငံက အလိုရှိတရားခံတွေ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့် သူတို့ဆီရောက်ရင် ပြန်စစ်ဆေးမယ့်သဘောရှိတယ်လို့တော့ သိရတယ်

ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်က ပြောသည်။

မြန်မာနိုင်ငံမှ ပြည်နှင်လိုက်သူများတွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၁၆)ဦး၊ ရှမ်းလက်နက်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေသူ (၇)ဦး၊  လောင်းကစားမှုဖြင့်  ပြစ်ဒဏ်ကျခံရသူ (၃)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများအနက် မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ  (၃၃၅)ဦး၌ ထိုင်းနိုင်ငံသား (၂၆) ဦး၊ တရုတ်နိုင်ငံသား (၄)ဦးနှင့် လာအိုနိုင်ငံသား (၁)ဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့မတိုင်မီ ပြစ်ဒဏ်ကျခံနေရသူများ သေဒဏ်ကျခံနေရသူကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ) သို့လည်းကောင်း၊ ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ခံစားခွင့်မရသေးသည့် နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံနေရသူကို ထောင်ဒဏ် နှစ် (၄၀)သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် (၄၀)အထက် ကျခံနေရသူကို ထောင်ဒဏ် နှစ် (၄၀)သို့လည်းကောင်း၊ ထောင်ဒဏ် နှစ် (၄၀)နှင့်အောက် ကျခံနေရသူများကို ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့လည်းကောင်း လျှော့ပေါ့ကျခံခွင့်ပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~