ကျောက်ဆည် မင်းရဲမြောင်းတွင် ပိုးသတ်ဆေးကား မှောက်ထား၍ မြောင်းရေမသုံးကြရန် သတိပေးထားရ

ကျောက်ဆည် မင်းရဲမြောင်းတွင် ပိုးသတ်ဆေးကား မှောက်ထား၍ မြောင်းရေမသုံးကြရန် သတိပေးထားရ
ဒီဇင်ဘာ 16, 2019
By 🌸

ကျောက်ဆည် မင်းရဲမြောင်းတွင် ပိုးသတ်ဆေးကား မှောက်ထား၍ မြောင်းရေမသုံးကြရန် သတိပေးထားရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ မင်းရဲမြောင်းအတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ ည (၁၁)နာရီကျော်ဝန်းကျင်က စိုက်ပျိုးရေးပိုးသတ်ဆေးများ တင်ဆောင်လာသည့်ကား တိမ်းစောင်းကျ၍ မြောင်းအတွင်း ငါးသေဆုံးမှုများဖြစ်နေပြီး မင်းရဲမြောင်းတလျှောက်နေထိုင်သူများကို မြောင်းရေအသုံးမပြုကြရန် အသိပေးနှိုးဆော်ထားရသည်ဟု သိရသည်။

“ မြောင်းထဲမှာတော့ အာမိုဆေးတွေ ကျကုန်တဲ့အတွက် ရပ်ကွက်ထဲမှာတော့ အသံချဲ့စက်တွေနဲ့ လှည့်အော်ထားတယ်။ ဒီမြောင်းရေကို မသုံးကြဖို့။ နောက်မြောင်းရိုးတလျှောက်က ရွာတွေကို လှည့်ပြီးအော်ထားရတယ်။ အဲဒီမြောင်းက ကျောက်ဆည်ကနေ (၇)မိုင်၊ (၈)မိုင်လောက်ဝေးတဲ့ အင်းကြီး၊ ကန်ကြီးရှိတယ်။ အဲဒီကို စီးဝင်သွားတာ။ ဒီမြောင်းကနေပဲ ချိုးရေ၊ သုံးရေ၊ တိရစ္ဆာန်တွေသောက်ရေ သုံးကြတာပေါ့။ လောလောဆယ်ကတော့ မြောင်းထဲက ငါးတွေသေနေတယ်”ဟု ကျောက်ဆည်ဒေသခံ ဦးသန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာမိုအမှတ်တံဆိပ် ပိုးသတ်ဆေးများသယ်လာသည့် (၁၂) ဘီးယာဉ်သည် မင်းရဲမြောင်းဘေးတွင် တိမ်းမှောက်သွားပြီး မြောင်းအတွင်းသို့ ပိုးသတ်ဆေးဗူးများ ကျသွားခဲ့သဖြင့် ကျောက်ဆည်ခရိုင် မီးသတ်တပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ RESCUE Ba Gyan၊ ကျောက်ဆည်ကွန်ရက်စသည့် လူမှုကူညီရေးအဖွဲ့များက ညတွင်းချင်းဆယ်ယူခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညက (၁၁)ခွဲလောက်မှာ သိကြတော့ အဲဒီကတည်းကနေ ချက်ချင်းပဲ ဆယ်ယူကြတာ။ လူအင်အားတော့ တော်တော်များတယ်။ ကျောက်ဆည် ရဲစခန်းတို့ မီးသတ်တို့ တာဝန်ရှိသူတွေလည်း လာကြပါတယ်။ မနက် (၂)နာရီလောက်အထိ ဆယ်ရတယ်။ ပိုးသတ်ဆေးသယ်လာတာ ဘယ်ကလဲ၊ ဘယ်သူတွေလဲဆိုတာတော့ သတိမထားမိဘူး။ မနေ့က ဆေးဖာတွေဆယ်ပြီးတော့ သူတို့ ညတွင်းချင်းပဲ ပြန်သယ်သွားကြတာတွေ့တယ်”ဟု ကျောက်ဆည်ဒေသခံ ဦးသန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းရဲမြောင်းအတွင်းကျသွားသည့် ပိုးသတ်ဆေးအမျိုးအစားများအားလုံးကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ယင်းပိုးသတ်ဆေးများတွင် အော်ဂင်နို ဖော့စဖိတ်(Organophosphate) နှင့် ပိုင်ရီသရိုက်(Pyrethroids)အုပ်စုဝင် အာမိုအမှတ်တံဆိပ် တင်းရှန့် ၅၅ အီးစီ ထိသေစားသေအဆိပ်ငွေ့ပိုးသတ်ဆေးများလည်း ပါဝင်သည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - Wai Lin၊ Soe Thiha

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~