တာချီလိတ်မြို့တွင်  အထောက်အထားမဲ့ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသား စုစုပေါင်း (၁၆)ဦး ဖမ်းမိ

တာချီလိတ်မြို့ မြင်ကွင်း [ Photo: Nang Shang Ywet ]
တာချီလိတ်မြို့ မြင်ကွင်း [ Photo: Nang Shang Ywet ]
တာချီလိတ်မြို့တွင်  အထောက်အထားမဲ့ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသား စုစုပေါင်း (၁၆)ဦး ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရွှေမိသားစု ဟိုတယ်ကို ဧည့်စာရင်းစစ်သည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးရာမှ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၁၆)ဦးကို ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ရွှေမိသားစု ဟိုတယ်တွင် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း အဖွဲ့ နှင့် ဟောင်လိတ်နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ပြည့်စုံဖြိုး အပါအဝင် ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်း နှင့် ပူးပေါင်းအဖွဲ့တို့မှ  ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့က ရှောင်တခင် ဧည့်စာရင်းဟုဆိုကာ ဝင်ရောက် စစ်ဆေးပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများတွင် တရုတ်နိုင်ငံသားများ ဖြစ်သည့် ဝမ်ထန်ရှဲန်၊ လီကျင်းချန့်၊ လီဘင်၊ ချန်ရှောင်လန်၊ ဝမ်ရှင်း၊  ကျန်ဝမ်တိ၊ ဟန်ဇင်မင်း၊ ကျင်ရှဲန့်ကျိ၊ လီပင်း၊ လီယုဂန်း၊ လျှိုစန်းလူ၊ ကျန်းယူချွန်း နှင့် လျှိုလီဝူ စသည့် အမျိုးသား(၁၃)ဦး နှင့် တရုတ်အမျိုးသမီး (၂)ဦးဖြစ်သည့်  ကျောင်းဟုန် နှင့် ဝူရွေ့ရွန် တို့  အသက်(၂၈)နှစ်ရှိ ဗီယက်နမ်နိုင်ငံသူ လျောင်လန်တို့ ပါဝင်ကြောင်း ၎င်းတို့ကို (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များ အက်ဥပဒေ ပုဒ်မ    ၁၃(၁)ဖြင့် အမှုဖွင့်ထားသည်ဟု တာချီလိတ်ခရိုင်လဝက ထံက သိရသည်။

အထောက်အထားမဲ့ နိုင်ငံခြားသားများကို လက်ခံထား၍ဟုဆိုကာ ရွှေမိသားစု ဟိုတယ်၏ မန်နေဂျာဖြစ်သူ အသက်(၆၂)နှစ်ရှိ ဦးမြင့်ဆွေ ဆိုသူကိုလည်း (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များ အက်ဥပဒေ ပုဒ်မ  ၁၃(၅)ဖြင့် ဒုလဝကမှူး ဥက္ကာက တရားလိုပြုလုပ်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ) ၁၁၈/၂၀၂၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

"တာချီလိတ်မှာတော့ ထုံးစံအတိုင်း ဘာလုပ်လုပ် ကွက်ကြားမိုးပေါ့ဗျာ။ ရောင်နီဦးတို့၊ ဟုန်ပန်းကွင်းထဲတို့ သူတို့ သွားမဖမ်းရဲဘူး။ ဖမ်းတာနဲ့ ဟိုက စော်မှာကို သိနေတယ်လေ။ အပြင်ပိုင်းပဲ အဖမ်းပြတာမျိုးလို့ပဲလို့ မြင်တယ်။ အခုဆိုရင် တာချီလိတ်မှာ တရုတ်တွေ အရမ်းများလာတယ်။ စားသောက်ဆိုင်တွေက အစ တရုတ်ဆိုင်တွေများလာတယ်။ ကြာလာရင် ဒါကို ဘယ်လိုထိန်းမလဲဆိုတာက လက်ရှိ အာဏာပိုင်တွေ ရဲ့ အစွမ်းအစပေါ်မှာ မူတည်တာပေါ့။ တာချီလိတ်မှာ အခုနောက်ပိုင်းမှာ ဒီလိုလူတွေများလာတာ"ဟု အမည်မဖော်လိုသည့် တာချီလိတ်မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘာဒီးယား နှင့် မလေးရှား စသည့် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြားရှိနေရာတွင် ထိုင်းနိုင်ငံသား နှင့် တရုတ်နိုင်ငံသားများမှာ အများဆုံး ပါဝင်ပြီး အများအားဖြင့် တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံသားများက သတ္တုကုမ္ပဏီပိုင်ရှင်အဖြစ် အမည်ခံပေးထားသည့် သတ္တုလုပ်ကွက်များတွင် လုပ်ကိုင်နေကြသော်လည်း ယခုအခါတွင် လောင်းကစားလုပ်ငန်းအတွက် နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိနေထိုင်ကြသူများကြောင်း သိရသည်။