တာချီလိတ်နှင့် ကျိုင်းတုံတွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်မည်

တာချီလိတ်နှင့် ကျိုင်းတုံတွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်မည်
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency
တာချီလိတ်နှင့် ကျိုင်းတုံတွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်မည် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၏ တတိယပတ်အလွန်တွင်  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဖွင့်လှစ်မည့်သင်တန်းမှာ မိုင်းကိုးဆေးဖြတ်စခန်းမှ သင်တန်းသားများကိုသာ သင်ကြားပေးမည်ဖြစ်ပြီး ကျိုင်းတုံတွင် ဖွင့်လှစ်မည့်သင်တန်းမှာ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတစ်ကြိမ်ကို အယောက် (၂၀) လက်ခံမယ်။ တက်ဖို့ဆန္ဒရှိတဲ့သူတွေ ကျိုင်းတုံခရိုင် ပြန်/ဆက်ရုံးမှာ သွားပြီး နာမည်စာရင်းပေးလို့ရတယ်။ ပညာအရည်အချင်းက အလယ်တန်းအဆင့်နဲ့ သင်တန်းကို ဆုံးခန်းတိုင်အောင် တက်နိုင်ရမယ်။ သင်တန်းတက်ပြီးရင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု စီးပွားရေး လုပ်ငန်းငယ်လေးတွေ ထူထောင်နိုင်တာပေါ့

ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ ဖွင့်လှစ်မည့်သင်တန်းကို မည်သူမဆို လျှောက်ထားနိုင်ကြမည်ဖြစ်ပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖုန်း ၀၉ ၂၅၈၆၈၂၀၄၁ သို့ ဆက်သွယ်နိုင်ကြမည်ဖြစ်သည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိ ဖွင့်လှစ်မည့်သင်တန်းတွင် ဆေးဖြတ်စခန်းမှ သင်တန်းသား (၅၀) ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်မ်၊ ဆပ်ပြာခဲအမျိုးမျိုး၊ မှန်ကြည်ဆေးရည်၊ ကြွေပြားချွတ်ဆေးရည်၊ ရေမလိုလက်သန့်ဆေး(Hand Gel) စသည့်လူသုံးကုန်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ Snow၊ Milk Lotion၊ Cold Cream၊ Vanishing Cream၊ Day Cream၊ Night Cream၊ Face Powder၊ Body Powder၊ Foundation Makeup၊ Makeup Liquid၊ Hair Gel၊ Lipgloss၊ Lipstick စသည့် အလှကုန်အမျိုးမျိုး ထုတ်လုပ်ခြင်းများကို အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~