ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်၏ ဗုဒ္ဓဥယျာဉ်အတွင်း ထီးတင်ပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်နိုင်ရန် သိုသိုသိပ်သိပ် စီစဉ်နေ

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်၏ ဗုဒ္ဓဥယျာဉ်အတွင်း ထီးတင်ပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်နိုင်ရန် သိုသိုသိပ်သိပ် စီစဉ်နေ
မေ 10, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော်၏ ဗုဒ္ဓဥယျာဉ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ထီးတင်ပွဲသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်  တက်ရောက်နိုင်ရန်အတွက် သိုသိုသိပ်သိပ် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဥယျာဉ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ထီးတင်ပွဲအား ၂၀၂၃ခုနှစ် မေလ(၁၁)ရက်နေ့ကနေ (၁၄)ရက်နေ့အထိ မင်္ဂလာနေ့ရက်အဖြစ် သတ်မှတ်ကာ ကျင်းပသွားမည်ဖြစ်သော်လည်း လုံခြုံရေးအရ ထီးတော်တင်မည့် နေ့ကိုတော့ ဖိတ်စာထဲတွင် ထည့်သွင်းကြေညာထားခြင်းမရှိသည်ကို တွေ့ရသည်။

"ပြည်ထောင်စုအဆင့် ဝန်ကြီးတို့ ပြည်နယ်ဝန်ကြီးချုပ်တို့ ကျိုင်းတုံရောက်နေပြီလို့ ကြားတယ်။ မိုင်းဖုန်းဆရာတော်လည်း ထိုင်းကနေ ပြန်ကြွလာပြီ။ တာချီလိတ်ကနေ ထီးတင်ပွဲကို ကြွနိုင်တယ်။ မင်းအောင်လှိုင်တို့ လင်မယားကတော့ ထီးတင်ပွဲနေ့မှာ နေ့ချင်းပြန်သဘောမျိုး ရဟတ်ယာဉ်နဲ့တောင် လာနိုင်တယ်။ လုံခြုံရေးအခြေအနေအရ ဆိုပြီး တကယ့် ထီးတင်မဲ့နေ့ကိုတော့ အတိအလင်း အသိမပေးထားဘူး၊ သိုသိုသိပ်သိပ် စီစဉ်နေကြတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် မေလ(၁၀)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက  ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ အကျယ်(၁၀၆)ဧကရှိသည့်  ဗုဒ္ဓဥယျာဉ်သည် ကျိုင်းတုံ - တာချီလိတ် ကားလမ်းဘေးတွင်ရှိပြီး ကျိုင်းတုံမြို့တွင်းနှင့် (၁၅)မိုင်ဝန်းကျင်အကွာတွင် တည်ရှိပြီး ခရီးသွားများ အသိများသည့် ပန်ကွဲကျေးရွာ၊ ပန်ကွဲတောင်တွင် တည်ရှိသည်။