တာချီလိတ်နယ်စပ်မှ ဝင်လာသည့် ကျောက်မဲမြို့က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ဖွယ်ရှိသူ (၁၆၈)ဦးကို နေအိမ်တွင် သီးခြား (၁၄)ရက်နေထိုင်စေရန် သတ်မှတ်ထား

တာချီလိတ်နယ်စပ်မှ ဝင်လာသည့် ကျောက်မဲမြို့က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ဖွယ်ရှိသူ (၁၆၈)ဦးကို နေအိမ်တွင် သီးခြား (၁၄)ရက်နေထိုင်စေရန် သတ်မှတ်ထား
ဧပြီ 1, 2020
By Tachileik News Agency
တာချီလိတ်နယ်စပ်မှ ဝင်လာသည့် ကျောက်မဲမြို့က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ဖွယ်ရှိသူ (၁၆၈)ဦးကို နေအိမ်တွင် သီးခြား (၁၄)ရက်နေထိုင်စေရန် သတ်မှတ်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကျောက်မဲမှ COVID - 19 အတည်ပြုလူနာ နှစ်ရက်တာနေထိုင်ခဲ့စဉ် အတွင်း ထိတွေ့မှုရှိနိုင်သူများကို  မိမိတို့နေထိုင်ရာနေအိမ်တွင် (၁၄) ရက်သီးခြားနေထိုင်ရန် ကန့်သတ်လိုက်သည့် လက်ရှိစာရင်းရ အရေအတွက် (၁၆၈)ဦးရှိကြောင်း သိရသည်။

Quarantine လုပ်တာက ပထမအနေနဲ့ မိမိရဲ့ကျန်းမာရေးများ တကယ်လို့ချို့ယွင်းခဲ့တယ်ဆိုရင် ကျန်းမာရေးဌာနက လွယ်ကူစွာ စောင့်ရှောက်ပေးနိုင်လို့ရတယ်။ နံပါတ်နှစ် ကောင်းကျိုးကတော့ Quarantine လုပ်ထားခြင်း အားဖြင့် မိမိချစ်ခင်တဲ့ မိသားစုဝင်တွေ သားသမီးတွေအားလုံးကို ရောဂါမကူးစက်အောင် ကာကွယ်ပေးနိုင်တယ်။ နံပါတ်(၃)ကတော့ မိမိ မိသားစုဝင်တင်မကဘူး လူအများကို ကူးစက်ပြီးတော့ အန္တရာယ်ကျရောက်နိုင်တဲ့ ကပ်ရောဂါကြီးကနေ လူအများကို ကာကွယ်ပေးနိုင်တဲ့အတွက် သွေးလှူတာလိုပဲ ဇီဝိတဒါနမြောက်ပါတယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲဆေးရုံမှ အတည်ပြုလူနာသွားလာခဲ့သည့် တာချီလိတ်မြို့မှ မန္တလေးမြို့အထိ လမ်းကြောင်းတစ်လျှောက် ထိတွေ့သွားဖွယ်ရှိသူများကို ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တာဝန်ရှိသူများ အသီးသီး စာရင်းကောက်ယူကြရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဆိုပါ အတည်ပြုလူနာ လိုက်ပါစီးနင်းသွားသည့် လေကြောင်းခရီးစဉ်မှ ခရီးသည်များအပြင် အခြားထိတွေ့နိုင်ဖွယ် ရှိသူပေါင်း (၉၄)ဦးကို တွေ့ထားရခြင်းဖြစ်သည်။

အားလုံးကို (၁၄)ရက် နေအိမ်မှာပဲ Home Quarantine လုပ်ခိုင်းထားတယ်

ဟု  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ် သတင်းအေဂျင်စီသို့ ၂၀၂၀ မတ်လ (၃၁)ရက်နေ့က ပြောသည်။

အတည်ပြုလူနာသည် တာချီလိတ်သို့ မြန်မာ - ထိုင်းအမှတ် (၁)ချစ်ကြည်ရေးတံတားမှ မတ်လ (၂၅)ရက်နေ့၌  ဝင်ရောက်လာပြီး တာချီလိတ်၌ (၂)ရက်တာ တည်းခိုနေထိုင်ကာ မတ်လ (၂၇)ရက်နေ့ ညနေပိုင်း၌ Air KBZ (K7 709) ဖြင့် မန္တလေးမှတစ်ဆင့် ကျောက်မဲမြို့သို့ပြန်ရောက်သွားခြင်းဖြစ်သည်။

အတည်ပြုလူနာ နယ်စပ်ဂိတ်မှ ဝင်လာချိန်မှစ၍ နှစ်ရက်တာ နေထိုင်စဉ်အတွင်း သွားလာခဲ့သည့်နေရာများနှင့် လေဆိပ်မှ ထွက်သည်အထိ ထိတွေ့သွားနိုင်ချေရှိသူများစာရင်းကို ကောက်ယူရာ အကောက်ခွန်ဦးစီးဌာနမှ (၁)ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက (၅)ဦး၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ (၄)ဦး၊ Air KBZ မှ (၁၂)ဦး၊ လေဆိပ်တာဝန်ကျ တပ်နှင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၈)ဦး၊ Air KBZ နှင့် လေယာဉ်ချိန်ကပ်နေသည့်အတွက် လေဆိပ်ထွက်ခွာဆောင်တွင် အတူရှိနေကြသည့် မန်းရတနာပုံလေကြောင်းလိုင်းမှခရီးသည် (၁၁)ဦး နှင့် Air Thanlwin မှ ခရီးသည် (၁၅)ဦး၊ အတည်ပြုလူနာ တည်းခိုသွားသည့် ဟိုတယ်မှဝန်ထမ်း (၉)ဦး၊ ထမင်းဆိုင် (၂)ဆိုင်မှ (၁၃)ဦး၊ ဆံပင်ညှပ်ဆိုင်မှ (၂)ဦးနှင့် ကားတက္ကစီပို့သူ (၁)ဦးသူနှင့် အတူနေမိသားစုဝင် (၂)ဦးတို့ကို နေအိမ်တွင် (၁၄)ရက် သီးခြားနေထိုင်ပြီး ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိသည်နှင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးထားကြောင်း သိရသည်။

ယင်းအပြင် အတည်ပြုလူနာနှင့်အတူ လေယာဉ်အတူ စီးနင်းသွားကြသည့် ခရီးသည် (၆၈)ဦးနှင့် ကလေး (၆)ဦး တို့ကိုလည်း ဆက်သွယ်ပြီး (၁၄)ရက်သီးခြားစောင့်ကြည့်ခြင်းများ လုပ်ဆောင်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~