နိုင်ငံအတွက် Covid-19 ကာကွယ်ဆေးဝယ်ယူရန် တာချီလိတ်မြို့မှ အလှူရှင်များ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင်လည်း လာရောက် လှူဒါန်းနိုင်

နိုင်ငံအတွက် Covid-19 ကာကွယ်ဆေးဝယ်ယူရန် တာချီလိတ်မြို့မှ အလှူရှင်များ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင်လည်း လာရောက် လှူဒါန်းနိုင်
ဇန်နဝါရီ 22, 2021 | Covid-19| ရှမ်းရှေ့

မြန်မာနိုင်ငံအတွက် Covid-19 ကာကွယ်ဆေးများကို နိုင်ငံတော်က ဦးဆောင်ကာ ဝယ်ယူမည်ဖြစ်ရာ ဒေသအသီးသီးမှ စေတနာရှင်များမှ ပါဝင်လှူဒါန်းနေကြသည့် နည်းတူ တာချီလိတ်မြို့တွင်လည်း ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော် နှင့် အလှူရှင်များမှလည်း စုပေါင်း လှူဒါန်းမည်ဖြစ်သည့်အတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာ စရိယ၊  အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ Ph.D ( Vipassana Bhavana MCU ) (Thailand) ဒေါက်တာ ဘဒ္ဒန္တဝိရောစန ထံမှတဆင့်  လာရောက်လှူဒါန်းမှုများရှိနေသည့် အတွက် ဆရာတော်က ကျပ်သိန်း(၅၀) မတည်လိုက်ခြင်း ဖြစ်ပြီး တတ်နိုင်သလောက် လှူဒါန်းနိုင်ရန် အတွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ဇန်နဝါရီလ(၂၁)ရက်နေ့က စ၍ လက်ခံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးက ကျပ်သိန်း(၅၀) မတည်လိုက်တယ် အခုဆိုရင် စုစုပေါင်း ကျပ်သိန်း(၆၀)ကျော်နဲ့ ဘတ်(၁၀,၀၀၀)လောက်တော့ ရှိသွားပြီ။ လှူတာကတော့ နိုင်ငံတော်အစိုးရဘဏ်အကောင့်ထဲကိုပဲ တခါတည်း လှူလိုက်မှာ။ ပေါင်းပြီး လှူပေးသွားမှာ။ တစ်ချို့တွေကတော့ ဘတ်(၁၀၀)လာလှူတဲ့ လူလည်းရှိတယ်။ ဘတ်(၂၀၀)လာလှူတဲ့ လူလည်းရှိတယ်။ သူတို့လာလှူတဲ့အခါ ဖြတ်ပိုင်းလေး ဖြတ်ပေးလိုက်တယ်။ တချို့ကတော့ အများကြီးမလှူနိုင်ဘူး ဘတ်(၁၀၀)လာလှူလည်း လာလှူကြသလို  လက်ခံပေးလိုက်ပါတယ်။

ဟု ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ကျောင်းအကျိုးတော်ဆောင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



မြန်မာနိုင်ငံအတွက် Covid-19 ကာကွယ်ဆေးများကို အစိုးရက ဝယ်ယူနိုင်ရန် တာချီလိတ်မြို့မှ မည်သူမဆို ပါဝင်လှူဒါန်းလိုပါက ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်သို့ နေ့စဉ် နံနက်(၇)နာရီမှ ည(၇)နာရီအတွင်း လာရောက်၍ ဖြစ်စေ ကျောင်းတိုက်၏ ဖုန်း ၀၈၄ ၅၁၈၁၅ နှင့် ၀၉၄ ၅၀၂၃၂၂၃၃ သို့ လည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။



Tachileik News Agency

Ko Zaung is the editor-in-chief of Tachileik News Agency.