တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၅)ဦးထပ်တိုးသည့်အနက် (၁၇)ဦးကို ဆေးရုံတင်ထားရ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၅)ဦးထပ်တိုးသည့်အနက် (၁၇)ဦးကို ဆေးရုံတင်ထားရ
သြဂုတ် 15, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၅)ရက်နေ့၌ ဆေးရုံဟောင်းနှင့်ဆေးရုံသစ်တို့တွင် စစ်ဆေးချက်များအရ Covid-19 ပိုး ကူးစက်ခံထားရသူ စုစုပေါင်း (၂၅)ဦးထပ်တိုးပြီး (၁၇)ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။

အသစ်ထပ်တိုးသည့် (၂၅)ဦးမှာ အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၁၃)ဦး ဖြစ်ရာ ဓမ္မအောင်မြေဘုန်းကြီးကျောင်းမှ ရဟန်းတစ်ပါး ပါဝင်သည်။

ပိုးတွေ့ (၂၅)ဦးအနက် ဆေးရုံတင်ထားရသည့် (၁၇)ဦးမှာ အသက်(၃၄)နှစ်အရွယ်မှ အသက်(၆၇)နှစ်အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 စစ်ဆေးပေးမှုများနှင့် ပတ်သက်၍ မိမိကိုယ်ကို Covid-19 သံသယရှိသူများအား ယခင်လို နေ့စဉ် စစ်ဆေးပေးနေခြင်း မဟုတ်တော့ဘဲ ဆေးရုံဟောင်းတွင် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင်သာ အဓိက ထား၍ နံနက်(၉)နာရီမှ နေ့လည် (၁၂)နာရီအတွင်းသာ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း နှင့် ကျန်သည့်နေ့များတွင် သံသယ နှင့် ထိတွေ့သူများကိုသာ စစ်ဆေးပေးနေပြီး ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးရုံကြီး နှင့် ဆေးရုံဟောင်းတို့တွင် တစ်ဦးလျှင် စစ်ဆေးခအဖြစ် တစ်ဦးလျှင် ကျပ်ငွေ (၁၀,၀၀၀)ကောက်ခံ၍ စစ်ဆေးပေးနေခြင်း ဖြစ်သည်။



တာချီလိတ်မြို့တွင် Covid-19 ပိုးကူးစက်ခံထားရသူမှာ တစ်နေ့တာအနေဖြင့် ယခင်ကထက်  လျော့နည်းသွားခြင်းမှာ Covid-19 စစ်ဆေးပေးသည့် နေ့များကို  ကန့်သတ် သတ်မှတ်လိုက်သည့်အပြင် ဘတ်(၂၀၀)နှင့် ညီမျှသည့် စစ်ဆေးခ ကျပ်(၁၀,၀၀၀)မတတ်နိုင်၍  မိမိဆန္ဒအလျောက် သွားရောက်စစ်ချင်သူများမှာ စိတ်မပါတော့ဘဲ သွားရောက်စစ်ဆေးလိုမှုများ လျော့နည်းသွားခြင်း ဖြစ်ကြောင်း အခက်အခဲဖြစ်နေသူများ၏ ပြောဆိုချက်အရ သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ယနေ့ ဩဂုတ်လ(၁၅)ရက်နေ့ ညပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၂၀၀၀)ကျော်အထိ ရှိလာပြီး သေဆုံးသူမှာလည်း (၃၅)ဦးဝန်းကျင်အထိရှိနေသော်လည်း Covid-19 စောင့်ကြည့်စင်တာများကနေ သတ်မှတ်ရက်(၁၁)ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရသူများမှာလည်း (၁၀၀၀)ကျော်အထိ ရှိကြောင်း သိရသည်။