တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ (၁၄)ရက်အကြာ သီးခြားစောင့်ကြည့်ထားသူ (၈၀)ကျော်အား သတ်မှတ်ရက်ပြည့်လျှင် စောင့်ကြည့်ပြီးစီးကြောင်း ထောက်ခံချက်ထုတ်ပေးပြီးမှ ပြန်လွှတ်မည်

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ (၁၄)ရက်အကြာ သီးခြားစောင့်ကြည့်ထားသူ (၈၀)ကျော်အား သတ်မှတ်ရက်ပြည့်လျှင် စောင့်ကြည့်ပြီးစီးကြောင်း ထောက်ခံချက်ထုတ်ပေးပြီးမှ ပြန်လွှတ်မည်
မတ် 28, 2020
By Tachileik News Agency
တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ (၁၄)ရက်အကြာ သီးခြားစောင့်ကြည့်ထားသူ (၈၀)ကျော်အား သတ်မှတ်ရက်ပြည့်လျှင် စောင့်ကြည့်ပြီးစီးကြောင်း ထောက်ခံချက်ထုတ်ပေးပြီးမှ ပြန်လွှတ်မည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင် (၁၄)ရက် သီးခြားစောင့်ကြည့်ထားသည့် ထိုင်းနိုင်ငံမှ ပြန်လာသည့် (၈၀)ကျော်အား သတ်မှတ်ကာလပြည့်သွားပါက နေရပ်ပြန်သည့်အခါ  စောင့်ကြည့်ပြီးသူများဖြစ်ကြောင်း သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးမှူးများထံ ပြသနိုင်ရန် အထောက်အထားလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒီကနေ (၁၄)ရက်စောင့်ကြည့်ထားသူရော၊ ဓါတ်ခွဲစစ်ဆေးပြီး အဖြေမတွေ့တဲ့သူတွေရော အားလုံး ကိုယ့်နေရပ်ကို အရောက်ပြန်နိုင်အောင် စီစဉ်ပေးသွားမှာပါ၊ ပြန်တဲ့အခါမှာလည်း ဒီကနေ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး (၁၄)ရက် စောင့်ကြည့်ပြီးကြောင်းတို့ ဓါတ်ခွဲ ပိုးမတွေ့ဆိုတဲ့ ထောက်ခံချက်တွေကို ကျွန်တော်တို့ဘက်က ထောက်ခံချက်အနေနဲ့ ထုတ်ပေးလိုက်မှာပါ။

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က စောင့်ကြည့်ခံ (၈၀)ကျော်အား မတ်လ(၂၈)ရက်နေ့ နံနက်က တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။

တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်မှ မတ်လ (၂၃)ရက်နေ့တွင် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးအဖွဲ့တွင် ကိုယ်အပူချိန်မြင့်သူ (၁၂)ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရကြောင်း အဖြေရရှိထားပြီး တစ်ဖွဲ့ထဲ အတူလာ၍ (၁၄)ရက် သီးခြားခွဲ၍စောင့်ကြည့်ထားသူ (၈၀)ဦးကိုလည်း စောင့်ကြည့်ကာလကျော်လွန်ပါက အထောက်အထားလက်မှတ်များ ထုတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သီးခြားစောင့်ကြည့်ခံရသူ (၈၀)ကျော် ထားရှိရာနေရာသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်းတို့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

၎င်းတို့ထဲတွင် မိန်းကလေး(၉)ဦး ပါဝင်သည့်အတွက် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဌေးဌေးမော် နှင့် အဖွဲ့ဝင်များက အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်းနှင့် ကျန်းမာရေးက စောင့်ကြည့်ခံသူများကို ကျန်းမာရေးစစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

(၁၄)ရက်ကြာ စောင့်ကြည့်ထားသည့် (၈၀)ကျော်အား မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)တွင် ထားရှိကာ ဌာနဆိုင်ရာများ၏ ကွပ်ကဲမှုနှင့်အတူ တာချီလိတ်မှ စေတနာရှင်များမှ ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် စောင့်ရှောက်ထားကြောင်း သိရသည်။

ယခု (၁၄)ရက်အကြာ စောင့်ကြည့်ကာ ကျွေးမွေးစောင့်ရှောက်ထားသည့် မြန်မာနိုင်ငံသားများသည် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ ပစ်ဒဏ်စေ့ဖြစ် လွှတ်မြောက်လာပြီး ထိုင်းနိုင်ငံဘက်က တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးထားသူများ ဖြစ်သည်။

သီးခြားခွဲ၍ စောင့်ကြည့်ရမည့်သူများအတွက် လိုအပ်သည့် အဆောက်အဦနေရာကို တာချီလိတ်မြို့၊ ဟိုတယ်တာချီလိတ်အနောက်ဘက်ရှိ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)က ကူညီကာ လက်ခံပေးထားခြင်း ဖြစ်ပြီး နေ့စဉ် အစားအသောက်၊ အင်တာနက်ဝိုင်ဖိုင်၊ အဝတ်အစား စသည့်လိုအပ်ချက်များကို ဒေသခံများက ပူးပေါင်းလှူဒါန်းကူညီနေကြခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလိုသူများအနေဖြင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖုန်း 09 428 219 995 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~