လာအိုနိုင်ငံတွင်  ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများက နေရပ်ပြန်ခွင့်ရရန် မဲခေါင်မြစ်ကမ်းဘေးသို့ လာရောက်ပြီး မြန်မာဘက်တာဝန်ရှိသူများ၏ အကူအညီများကို ဆက်လက် စောင့်ဆိုင်း မျှော်လင့်နေ

လာအိုနိုင်ငံတွင်  ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများက နေရပ်ပြန်ခွင့်ရရန် မဲခေါင်မြစ်ကမ်းဘေးသို့ လာရောက်ပြီး မြန်မာဘက်တာဝန်ရှိသူများ၏ အကူအညီများကို ဆက်လက် စောင့်ဆိုင်း မျှော်လင့်နေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်မှ မြန်မာရွှေ့ပြောင်းလုပ်သားများသည် နေရပ်ပြန်ခွင့်ကို လပေါင်းများစွာ စောင့်ဆိုင်းနေသည့်တိုင် ပြန်ခွင့်မရကြဘဲ ဒုက္ခရောက်နေပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှစ၍ နေထိုင်ရာ ရွာမှထွက်လာပြီး မဲခေါင်မြစ်ကမ်းဘေး ပန်းဆိုက်ကမ်းမှနေ၍ စောင့်ဆိုင်းနေကြရာ ဇူလိုင်လ (၂၃) ရက်နေ့အထိ မြန်မာဘက်က အကူအညီကို စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ဒီနေ့နဲ့ဆိုရင် ကျွန်တော်တို့ (၂)ရက်မြောက်ရှိသွားပါပြီ။ ညကလည်း မိုးတွေမိလို့ အဝတ်လဲစရာမရှိလို့ ဒီအတိုင်ကြီး အစိုလိုက်နေ နေရတာပါ။ ဒုက္ခတွေလည်း အရမ်းရောက်နေပြီ။ စားဖို့ သောက်ဖို့လည်း အဆင်မပြေဘူး။ ဒီနေ့မှ လာအိုရဲက ထမင်းလာကျွေးတာ။

ဟု မြန်မာနိုင်ငံကို ပြန်လာလို၍ ပန်းဆိုက်ကမ်းတွင် စောင့်ဆိုင်းနေသည့် အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ပြောသည်။

အဆိုပါ မြန်မာလုပ်သားများအနေဖြင့် အထူးစီးပွားရေးဇုန်အတွင်း မြန်မာလုပ်သားများနေထိုင်ရာ ရခိုင်(မြန်မာ)ရွာမှ ထွက်ခွာလာကြပြီးဖြစ်၍ ပြန်ဝင်၍လည်း မရတော့ကြောင်း သိရသည်။

မြန်မာနှင့် လာအိုကြား မဲခေါင်မြစ်မှာ ဇူလိုင်လ(၂၂)ရက်နေ့က စိုးရိမ်ရေအမှတ် (၁၁)ပေအထိ ရှိနေရာမှ ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းအထိ (၈)ပေဝန်းကျင်အထိသာရှိတော့ကြောင်းလည်း သိရသည်။



COVID 19 ကြောင့် အိမ်နီးချင်းနိုင်ငံများ တလျှောက် နယ်စပ်များ ပိတ်ထားရသည့် ကာလအတွင်း နေရပ်ပြန်လိုသည့် နိုင်ငံသားများကို နိုင်ငံအလိုက်စိစစ်လက်ခံပေးနေကြပြီး မြန်မာဘက် COVID 19 တတိယလှိုင်းဖြစ်ချိန်တွင် မြန်မာဘက်မှ ထိုင်းနိုင်ငံသားများကို အမြန်ပြန်လည် ပို့ပေးရေးအတွက် ထိုင်းတာဝန်ရှိသူများက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းထားသည်ကို တွေ့ရသော်လည်း တာချီလိတ်နှင့်နယ်စပ်တလျှောက်နိုင်ငံအသီးသီးတွင် ဒုက္ခရောက်နေသည့် မြန်မာများအတွက် မြန်မာဘက်တာဝန်ရှိသူများမှ ကူညီနိုင်ခြင်းမရှိဘဲဖြစ်နေသည်ကို တွေ့ရသည်။

#TachileikNewsAgency