မောက်မယ်မြို့နယ် ဗန်းမတ်ရွာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လူထုတွေ့ဆုံပွဲကျင်းပသည့် အနီးတွင် မီးလောင်မှုဖြစ်ပွား

မောက်မယ်မြို့နယ် ဗန်းမတ်ရွာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လူထုတွေ့ဆုံပွဲကျင်းပသည့် အနီးတွင် မီးလောင်မှုဖြစ်ပွား
မတ် 7, 2020
By Tachileik News Agency
မောက်မယ်မြို့နယ် ဗန်းမတ်ရွာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လူထုတွေ့ဆုံပွဲကျင်းပသည့် အနီးတွင် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ ဗန်းမတ် (အရှေ့) ကျေးရွာ၌ ၂၀၂၀ ခုနှစ်၊ မတ်လ (၆)ရက်နေ့ နံနက် (၁၀) နာရီခွဲဝန်းကျင်က ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လူထုတွေ့ဆုံပွဲကျင်းပမည့် နေရာအနီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ ကူညီငြှိမ်းသတ်ပေးရကြောင်း သိရသည်။

“ဝန်ကြီးချုပ်နဲ့အဖွဲ့က လူထုတွေ့ဆုံပွဲလုပ်မယ့် ဘုန်းကြီးကျောင်းထဲအရောက်ပဲ မီးတောက်ကြီး တက်လာတာ။ လူထုတွေ့ဆုံပွဲလုပ်တဲ့ ဘုန်းကြီးကျောင်းကနေ မီးလောင်တဲ့အိမ် လမ်းလျှောက်သွားရင် တစ်မိနစ်၊ နှစ်မိနစ်လောက်ပဲ ဝေးတယ်။ အဲဒါနဲ့ ဝန်ကြီးတွေရော ပြည်နယ်အစိုးရအဖွဲ့ကလိုက်လာတဲ့လူတွေ  အကုန်ထွက်လာပြီး အနီးနားအိမ်တွေလည်း ရှိတဲ့ ပုံးတွေ ခွက်တွေ အကုန်ယူ ထွက်ကြ ထွက်ကြဆိုပြီး ဝိုင်းငြိမ်းကြတာ။ အချိန်မီငြှိမ်းလိုက်နိုင်တယ်။ ဘာမှတော့ ဆုံးရှုံးမှုကြီးကြီးမားမား မရှိပါဘူး”ဟု မောက်မယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နေအိမ်တွင် ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းထားရာမှ ဘက်ထရီပေါက်ကွဲပြီး မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့ရာ နံနက် ၁၀နာရီ၄၀မိနစ်တွင်အချိန်မှီမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဦးမောင်ယောအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေ(၅) ကျပ်သိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ထောက်ပံ့ငွေ ကျပ် (၁)သိန်းတို့ကို ပေးအပ်ထားသည့်အပြင် မြို့နယ်သဘာဝဘေး ထောက်ပံ့ရေးကော်မတီမှလည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မောက်မယ် ပြန်/ဆက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~