နမ့်စန်မြို့မဈေးရှိ ရွှေဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွား

နမ့်စန်မြို့မဈေးရှိ ရွှေဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွား
ဇန်နဝါရီ 7, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၏ မြို့မဈေးရှိ ခမ်းလီရွှေဆိုင်အား အမည်မသိ လူငယ်တစ်စုမှ ဆိုင်မှန်များအား ရိုက်ခွဲပြီး သေနတ်ဖြင့် ပစ်ခတ်မှု ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဖြစ်ပွား၍ အာဏာသိမ်းအဖွဲ့က ရောက်ရှိ စစ်ဆေးနေကြောင်း သိရသည်။

ရွှေဆိုင်ကို မှန်ဘောင်တွေ ရိုက်ခွဲသွားတယ်။ ပစ္စည်းတွေတော့ မပါသွားဘူးတဲ့ဗျ။ နှစ်ယောက်ထိသွားတယ်။ တစ်ယောက်က ဗိုက်ထိတယ်၊ တစ်ယောက်က ခြေသလုံးထိသွားတယ်။ လူငယ်တွေချည်းပဲ (၆)ယောက်လာပြီး သေနတ်နဲ့လည်း ပစ်သွားတာ။ ရခ နဲ့ စခတွေကတော့ ခုမှ အရပ်ဝတ်နဲ့ သေနတ်တွေနဲ့လာပြီး စျေးကို ပိတ်ထားတယ်။ စခန်းမှူးလည်း ပါလာတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ဈေးထဲက လူများဟု လတ်တလောသိထားရပြီး လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြသည်ဟု သိရသည်။

ယင်းသို့ ဖြစ်ပွားရာနေရာသို့ အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံများက အရပ်ဝတ်များဖြင့် သေနတ်များ ကိုင်ဆောင်ထားပြီး ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။