ဟိုပုံးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့ ဗုံး(၂)လုံး ပေါက်ကွဲ

ဟိုပုံးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့ ဗုံး(၂)လုံး ပေါက်ကွဲ
ဇွန် 7, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းက ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ မနက် (၈း၄၀)နာရီက ပထမ ဗုံးတစ်လုံးကွဲတယ်။ အသံတော့ သိပ်မကျယ်ဘူး၊ ဗုံးကွဲလို့ သူတို့လာတော့ နောက်တစ်လုံးတွေ့တော့ အကာအရံတွေချပြီး သူတို့ခွဲလိုက်တာ  တော်တော်ကြီးကို အသံ ပြင်းတယ်။ တမြို့လုံး ဟိန်းသွားတာ

ဟု ဟိုပုံးမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်တဲ့နေရာအနီးက လက်ဖက်ရည်ဆိုင်မှာတော့ အရပ်ဝတ်တွေနဲ့ရှိနေတယ်။  လက်ဖက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးမှာ စစ်ကားတစ်စီးတော့ အခု လှည့်နေတယ်

ဟု ယနေ့ ညနေ(၅)နာရီ အခြေအနေကို ၎င်းမှ ဆက်လက်ပြောပြသည်။ 

ဟိုပုံးမြို့တွင် ဇွန်လ(၄)ရက်နေ့ ညပိုင်းက အမျိုးသား(၇)ဦး ညပိုင်းတွင် ဖမ်းခံရပြီးနောက် ဇွန်လ(၆)ရက်နေ့ ညပိုင်းအထိ ညပိုင်းထွက်သူမရှိတော့သော်လည်း အရပ်ဝတ်များဖြင့် သေနတ်ကိုင်ဆောင်ထားသည့် ရဲနှင့်စစ်တပ်က အိမ်စီးဆိုင်ကယ်များ၊ ကားများဖြင့် လှည့်လည်မှုများ လုပ်ဆောင်နေကြောင်း နှင့် ဇွန်လ(၄)ရက်နေ့ ညပိုင်းက ဖမ်းဆီးခံရသည့် အမျိုးသား(၇)ဦးထဲက လွတ်မြောက်လာသူ တစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်စပ်သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။