ရှမ်းပြည်နယ်တွင်း ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို အောက်တိုဘာ လ(၁၄)ရက်နေ့အထိ ကန့်သတ်ထား

ရှမ်းပြည်နယ်တွင်း ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို အောက်တိုဘာ လ(၁၄)ရက်နေ့အထိ ကန့်သတ်ထား
အောက်တိုဘာ 1, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ်တွင်း ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို အောက်တိုဘာ လ(၁၄)ရက်နေ့အထိ ကန့်သတ်ထား 
ရှမ်းပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ အောက်တိုဘာလ (၁၄)ရက်နေ့အထိ ယာယီရပ်နားထားမည်ဖြစ်ပြီး ပြည်နယ်တွင်းဝင်မည့် အခြားဒေသများမှ ကုန်တင်ယာဉ်များအနေဖြင့် ယာဉ်မောင်းများတွင် COVID 19 ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံစာပါရှိရမည်ဖြစ်သည်။
“ဒီ (၁၄)ရက်လောက်ကို ထိန်းထားမယ်ဆိုရင် ရှမ်းပြည်နယ်က တော်တော်လေး အောင်နိုင်သွားမယ်။ COVID ကိုထိန်းနိုင်မယ်။ ဒါကြောင့် မလုပ်လို့မရလို့ကို လုပ်လိုက်ရတာ။ အခုအခြေအနေက ကားသမားတွေ၊ ယာဉ်နောက်လိုက်တွေ ပါပါလာပြီ။ ဒါကလည်း ဗဟိုက ညွှန်ကြားထားတဲ့ SOP (standard operating procedure) ဆိုတာ (၂၂) ချက်ရှိတယ်။ အဲဒီ (၂၂) ရဲ့ ညွှန်ကြားချက်ထဲကအတိုင်း ထုတ်ပြန်တာဖြစ်တယ်။ ရှမ်းအစိုးရအနေနဲ့ တမူထူးခြားထုတ်ပြန်တာတော့ မဟုတ်ဘူး။ ရှမ်းအစိုးရအနေနဲ့ကတော့ ကာလကန့်သတ်ချက် ထုတ်ပေးလိုက်တာပေါ့။ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာတွေ ဖြစ်ကုန်မှာစိုးလို့ နှစ်ပတ်ပဲ။ (၁၄)ရက်ပဲ ကန့်သတ်မယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁)ရက်နေ့တွင် ပြောသည်။
မူဆယ်မြို့တွင် ကုန်တင်ယာဉ်မောင်းတစ်ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို စက်တင်ဘာလ (၃၀)ရက်နေ့က ဓာတ်ခွဲတွေ့ရသဖြင့် အဆိုပါ ကုန်တင်ယာဉ်ဖြတ်သန်းသွားလာရာ ရှမ်းပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းတစ်လျှောက် လမ်းကြောင်းမှ ထိတွေ့ခဲ့သူများအား ကျန်းမာရေးဦးစီးဌာနက စုံစမ်းဖေါ်ထုတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးနိုင်ရန် ဆောင်ရွက်ခဲ့ရပြီးနောက် ပြည်နယ်တွင်း COVID 19 ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက စက်တင်ဘာလ (၃၀)ရက်နေ့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ယာယီကန့်သတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာယီကန့်သတ်ထားသည့်ကာလအတွင်း ရှမ်းပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များအနေဖြင့် ပြည်နယ်တွင်း လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဖြစ်သော်လည်း ပြည်နယ်ပြင်ပမှ ဝင်လာမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများမှာ COVID 19 ကင်းစင်ကြောင်း နှစ်ပတ်အတွင်း စစ်ဆေးထားသည့် ဆေးစစ်ချက်ပါရှိမှ ဝင်ခွင့်ရမည်ဖြစ်သည်။
အဆိုပါကာလအတွင်း အခြားယာဉ်ငယ်များ ဝင်ထွက်သွားလာခွင့်ရှိသော်လည်း ရှမ်းပြည်နယ်သို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဝင်လာသူအားလုံး facility quarantine ဝင်ရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~