နန့်စန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF များ ဝင်တိုက်နိုင်သည်ဟုဆိုကာ သတိထားစောင့်ကြည့်ရန် အာဏာပိုင်များက ပြည်သူ့စစ်ရွာများအထိ အသိပေးထား 

နန့်စန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF များ ဝင်တိုက်နိုင်သည်ဟုဆိုကာ သတိထားစောင့်ကြည့်ရန် အာဏာပိုင်များက ပြည်သူ့စစ်ရွာများအထိ အသိပေးထား 
စက်တင်ဘာ 10, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF က လာတိုက်နိုင်သည့်အတွက် သတိထားစောင့်ကြည့်ပြီး သတင်းပို့ရန် ဒေသအာဏာပိုင်များက အသိပေးထားသည်ဟု သိရသည်။

"ရွာက လူတွေကိုလည်း  PDF တွေ လာတိုက်နိုင်တယ်။ သတိထားစောင့်ကြည့်ပြီး သတင်းပို့ရမယ်လို့ ပြောထားတယ်တဲ့။  ဒီ(၁)လ (၂)လအတွင်း လူစိမ်းတွေ အုပ်စုလိုက် မြင်ရင် ချက်ချင်း သတင်းပို့ရမယ်လို့ဆိုပြီး မှာထားတယ်ပြောတယ်။ ပြည်သူ့စစ်လို အဖွဲ့အစည်းရှိတဲ့ ရွာတွေမှာ အထူး အသိပေးနေတယ်"ဟု နမ့်စန်ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၀)ရက်နေ့တွင် ပြောသည်။

နမ့်စန်မြို့တွင် ယခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်များသည် ကောင်းကင်၌ ဝဲပျံနေမှုမှာ ယခင်နေ့များထက် သိသာလာသည်ဟုလည်း သိရသည်။

ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည်  ပြည်သူ၏ အသက်အိုးအိမ်များကို ကာကွယ်ပေးပြီး ပြည်သူအပေါ် လက်နက်ဖြင့် အနိုင်ကျင့်ခြင်းများ မပြုလုပ်ဟု ထုတ်ပြန်ထားချိန်တွင် အာဏာသိမ်း စစ်တပ်မှာ ကျေးရွာများသို့ ဝင်ရောက်ပြီး နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများကို ယနေ့ စက်တင်ဘာလ(၁၀)ရက်နေ့ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာလ(၇)ရက်နေ့က စပြီး ပြည်သူ့တော်လှန်ရေးစတင်ကြောင်း နှင့် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်နှင့် တပြိုက်နက်တည်း အာဏာသိမ်းစစ်ကောင်စီက ယင်းနေမှာပင် မြို့နယ်အသီးသီးတွင် လမ်းများပေါ်၌ စစ်ဆေးခြင်း နေအိမ်အခန်းငှားများတွင် စစ်ဆေးခြင်းများ လုပ်ဆောင်လာသည်။