တာချီလိတ်မြို့တွင် တီဘီရောဂါတိုက်ဖျက်ရေး ဆရာဝန်နှင့် ကျေးလက်ကျန်းမာရေးဆရာမတို့ ကိုဗစ်ကာကွယ်ဆေး ပထမဆုံး စတင်ထိုးနှံသူများ ဖြစ်လာ

တာချီလိတ်မြို့တွင် တီဘီရောဂါတိုက်ဖျက်ရေး ဆရာဝန်နှင့် ကျေးလက်ကျန်းမာရေးဆရာမတို့ ကိုဗစ်ကာကွယ်ဆေး ပထမဆုံး စတင်ထိုးနှံသူများ ဖြစ်လာ
ဇန်နဝါရီ 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်တွင် တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ရန်နောင်စိုးနှင့် မိုင်းလင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းဆွတ်နွန်းကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံမှုကို စတင်သည်။

 မိုင်းလင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းဆွတ်နွန်



တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံဟောင်းဝန်းအတွင်းရှိ ကာကွယ်ဆေးထိုး စုရပ် (၂) နေရာခွဲ၍ ထိုးနှံရာ စုရပ် (၁) တွင် တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ရန်နောင်စိုးကို စတင်ထိုးနှံပေးပြီး စုရပ် (၂)တွင် တာလေမြို့ မိုင်းလင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းဆွတ်နွန်းကို စတင်ထိုးနှံပေးခြင်းဖြစ်သည်။

တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ရန်နောင်စိုး

ဒီဆေးထိုးရတာ အခြားကာကွယ်ဆေးတွေလို မနာဘူး။ ထိုးလိုက်တဲ့အချိန်လေးမှာတော့ တစ်ချက်လေး ဆစ်ကနဲ့ ဖြစ်လိုက်တယ်။ ကျန်တဲ့ဘာလက္ခဏာမှမခံစားရဘူး။ ရှေ့မှာလုပ်ထားတဲ့ စမ်းသပ်ချက်တွေဖတ်ထားတဲ့အရ အခြားစိုးရိမ်စိတ်တွေတော့ မရှိပါဘူး

ဟု တာချီလိတ်မြို့တွင် စုရပ် (၁)၌ ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံခံခဲ့သည့် တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ရန်နောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



တာချီလိတ်မြို့နယ်အတွင်းမှ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း (၃၉၀) ဦးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌ တာချီလိတ်ဆေးရုံအဟောင်းနှင့် အသစ်နေရာများတွင် စုရပ်(၄)နေရာခွဲ၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေခြင်းဖြစ်ကြောင်း နှင့် ဆေးရုံဟောင်းတွင် ဆေးရုံအသစ်ထက် အချိန်အနည်းငယ် အစော၍ ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။