Omicron မျိုးကွဲအတွက် Moderna ကာကွယ်ဆေးအသစ်ကို ဗြိတိန်က တရားဝင် အသိအမှတ်ပြု

Omicron မျိုးကွဲအတွက် Moderna ကာကွယ်ဆေးအသစ်ကို ဗြိတိန်က တရားဝင် အသိအမှတ်ပြု
By Mr John

 COVID 19 ၏ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို ပစ်မှတ်ထားသည့် Moderna ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအသစ်ကို ဗြိတိန်ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် တရားဝင် ခွင့်ပြုချက်ပေးလိုက်ကြောင်း သိရသည်။

 အိုမီခရွန်ကို ပစ်မှတ်ထားသည့် Moderna ကာကွယ်ဆေးက မူရင်းကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

အိုမီခရွန်မျိုးကွဲကို ပစ်မှတ်ထားသည့် Moderna ဆေးကို လူကြီးများအတွက် COVID-19 ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုလိုက်ပြီး အဆိုပါဆေးမှာ ဗြိတိန်ဆေးဝါးကွပ်ကဲရေး၏ ဘေးကင်းစိတ်ချရမှု၊ အရည်အသွေးနှင့် ထိရောက်မှုဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိကြောင်း ဗြိတိန် Medicine and Healthcare products Regulatory Agency (MHRA) က ထုတ်ပြန်ထားသည်။

ဗြိတိန်တွင် တရားဝင် ခွင့်ပြုမှုအရ Moderna ကာကွယ်ဆေးအသစ်မှာ မျိုးဗီဇကွဲပြားသော ဗိုင်းရပ်စ်များအတွက် ပထမဆုံး တရားဝင်အသိအမှတ်ပြု COVID-19 ကာကွယ်ဆေးလည်း ဖြစ်လာခဲ့ကြောင်း သိရသည်။ 

လက်တွေ့စမ်းသပ်မှုတွေ့ရှိချက်များအရ အချက်အလက်အရ Moderna ကာကွယ်ဆေးအသစ်က မူရင်းဗိုင်းရပ်စ်နှင့် အိုမီခရွန်မျိုးကွဲတို့ကို ခုခံကာကွယ်နိုင်သော အားကောင်းသည့် ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေသည်ကို တွေ့ရကြောင်း MHRA အကြီးအကဲ June Raine က ဆိုသည်။

ထိုကာကွယ်ဆေးအသစ်က အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 အတွက်လည်း ကောင်းမွန်သည့် ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေသည်ကို တွေ့ရကြောင်း MHRA က ပြောသည်။

ဥရောပနှင့် အမေရိကန်တွင် COIVD-19 ကူးစက်မှုလှိုင်းအသစ်များမှာ BA.4 နှင့် BA.5 တို့ကြောင့်ဖြစ်ပြီး ယခုကာကွယ်ဆေးအသစ်က မူရင်း Moderna ကာကွယ်ဆေးကဲ့သို့ပင် မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများသာရှိကြောင်းလည်း MHRA က ဆိုသည်။

ဗြိတိန်ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့၏ ယခုဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီအနေဖြင့် ဝမ်းမြောက်ပျော်ရွှင်ကြောင်း အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ အမှုဆောင်အရာရှိချုပ် Stephane Bancel က ထုတ်ပြန်ချက်တွင် ပြောသည်။ 

Moderna က အဆင့်မြှင့်တင်ပြီး အသစ်ထုတ်လုပ်ထားသည့် Spikevax bivalent Original/Omicron ဟု ခေါ်သည့် ကာကွယ်ဆေးအသစ်၏ တစ်ဝက်က မူရင်းဗိုင်းရပ်စ်ကို ပစ်မှတ်ထားပြီး တစ်ဝက်က အိုမီခရွန်မျိုးကွဲ (BA.1) ကို ပစ်မှတ်ထားကြောင်း သိရသည်။

Source: AFP