ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်သည့် နိုင်ငံပေါင်း(၇) နိုင်ငံက တာချီလိတ်မြို့နယ်အတွင်းသို့ လာရောက်ပါက သီးခြားစောင့်ကြည့်မည်ကို လက်မခံရင် ဝင်ခွင့်ပြုမည် မဟုတ်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်သည့် နိုင်ငံပေါင်း(၇) နိုင်ငံက တာချီလိတ်မြို့နယ်အတွင်းသို့ လာရောက်ပါက သီးခြားစောင့်ကြည့်မည်ကို လက်မခံရင် ဝင်ခွင့်ပြုမည် မဟုတ်
မတ် 18, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်သည့်   နိုင်ငံပေါင်း(၇) နိုင်ငံက  တာချီလိတ်မြို့နယ်အတွင်းသို့ လာရောက်ပါက  သီးခြားစောင့်ကြည့်မည်ကို လက်မခံရင် ဝင်ခွင့်ပြုမည် မဟုတ်

နယ်စပ်ဒေသ တာချီလိတ်မြို့သို့ ရောဂါဖြစ်ပွားများသည့် (၇) နိုင်ငံမှ ဝင်လာသူများကို (၁၄) ရက် သီးခြားခွဲ၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး ခွဲခြားစောင့်ကြည့်မည်ကို လက်မခံပါက နိုင်ငံတွင်း ဝင်ခွင့်ပေးမည် မဟုတ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်နေသည့် တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူတိုင်းကို (၁၄) ရက် သီးသန့်စောင့်ကြည့်ခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့မှ စတင်ဆောင်ရွက်ရန် ကြေညာထားခြင်းဖြစ်သည်။

“အဲဒီ (၇)နိုင်ငံက ဝင်လာရင် Quarantine (၁၄)ရက်ရှိမယ်။ Quarantine အလုပ်မခံနိုင်ရင် နယ်စပ်ပေါက်က လှည့်ပြန်ပေါ့နော်။ အဲဒီထဲကမှ ရှားရှားပါးပါး (၁၄)ရက် Quarantine လုပ်တာလက်ခံတယ်။ ဝင်မယ်ဆိုတဲ့သူတွေအတွက်ကတော့ ပြင်ဆင်ထားဖို့ ကျွန်တော်တို့ ညှိနှိုင်းထားပါတယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံမှာက  ဝုန်းဆိုတက်လာတယ်။ မနေ့ကဆိုရင် အယောက် (၃၀)ကျော်လောက် တက်လာတယ်။ ဒီတော့ သူတို့ဆီမှာ ဒီထက်ပိုများလာရင် စောစောက (၇)နိုင်ငံအပြင် ယိုးဒယား (ထိုင်း)နိုင်ငံပါ ပါကောင်း ပါလာနိုင်တယ်။ အကယ်၍ သတ်မှတ်လိုက်တယ်ဆိုရင် ကြိုတင်စီစဉ် ပြင်ဆင်ထားဖို့ ညှိနှိုင်းထားပါပြီ။ ကျန်းမာရေးဌာနအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ကျန်းမာရေးဌာနက နည်းပညာပေးမယ်။ ဒေသအာဏာပိုင်အနေနဲ့ ဦးဆောင်ရမယ်။ လဝကတို့၊ ဟိုတယ်ခရီးတို့ မြန်မာရဲတပ်ဖွဲ့တို့ စသဖြင့် ကျန်တဲ့ဆက်စပ်ဌာနတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ ကျန်းမာရေးခရိုင်ဦးစီးမှူးနဲ့ ညှိနှိုင်းထားပါတယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း တရားဝင် နယ်စပ်ဝင်ထွက်ပေါက်များအဖြစ် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် လူနာတင်ယာဉ်၊ ကျောင်းကားများ ဖြတ်သန်းခွင့်ပြုထားသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)၊ လာအိုနိုင်ငံနှင့်နယ်စပ် ဝမ်ပုံဆိပ်ကမ်း၊ လာအို - မြန်မာ ချစ်ကြည်ရေးတံတားတို့ရှိနေခြင်းဖြစ်သည်။

“ဒီဘက်မှာ ဥရောပ (၅)နိုင်ငံကတော့  ဝင်လာတာနည်းတယ်။ ဒီနယ်စပ်ဂိတ်က ဝင်လာတာက တရုတ်နဲ့ ကိုရီးယား ဝင်တာတော့ရှိတယ်။ ကျွန်တော်သိသလောက်ဆိုရင် တာချီလိတ်မှာရှိတဲ့ ချစ်ကြည်ရေးတံတား အမှတ်(၁)က ဝင်တာ မြန်မာ (၆,၀၀၀)လောက် အသွားအဖြတ်ရှိတယ်။ ထိုင်းလူမျိုးက (၃,၀၀၀)လောက်ရှိတယ်။ တတိယနိုင်ငံသားက (၂၀၀)လောက်ရှိတယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းသို့ နယ်စပ်မှ အဓိက လူအဝင်အထွက်အများဆုံးဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)၏ မြန်မာဘက်အဝင်တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းကို ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်နေရာ နေ့စဉ် မြန်မာဘက်ခြမ်းသို့ ဝင်လာသူဦးရေ (၈၀၀၀)ကျော်ကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~