တာချီလိတ်မြို့တွင် ရွေးချယ်ဖမ်းဆီးနေသည့် အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာတစ်ခုတည်းကနေ ထိုင်း(၁၄၈)ဦးနှင့် မြန်မာနိုင်ငံသား (၅၄၀)ဦး ဖမ်းဆီးခံရ

တာချီလိတ်မြို့တွင် ရွေးချယ်ဖမ်းဆီးနေသည့် အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာတစ်ခုတည်းကနေ ထိုင်း(၁၄၈)ဦးနှင့် မြန်မာနိုင်ငံသား (၅၄၀)ဦး ဖမ်းဆီးခံရ
ဖေဖော်ဝါရီ 24, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို   ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင် စစ်တပ်က ဝင်ရောက်ဖမ်းဆီးမှုအတွင်း ဖမ်းဆီးထားသူ စုစုပေါင်း (၆၈၉)ဦး ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

 

အဆိုပါ အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် ညဆိုင်း အလုပ်ဆင်းပြီး ဖမ်းဆီးခံသူများမှာ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား(၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၅၄၀)ဦးထဲတွင် အားလုံးမှာ လူငယ်များဖြစ်ကြပြီး ထိုအထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းထဲက လူငယ်အများဆုံးဖြစ်သလို နယ်မြို့များက လာရောက်လုပ်ကိုင်သူများလည်း ပါဝင်ကြောင်းနှင့် ထိုအထဲတွင် ကျိုင်းတုံ၌ ဘွဲ့သွားယူမည့် ကျောင်းသား ကျောင်းသူများလည်း ပါဝင်နေကြောင်း သိရသည်။

လုပ်ငန်းခွင်ထဲမှ  ကွန်ပျူတာ အလုံး(၄၀၀)၊ ဖုန်းမျိုးစုံ (၂၇၀)၊ ကားမျိုးစုံ (၁၀)စီး၊ ဆိုင်ကယ်မျိုးစုံ အစီး(၁၇၀) အပြင် အဆောက်အဦးများဖြစ်သည့် သုံးထပ်အဆောက်အဦ (၂)လုံး၊  နှစ်ထပ် အဆောက်အဦး(၃)လုံး တို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။ 

ဖမ်းဆီးသိမ်းဆည်းစဉ်က ရရှိသွားသည့် မီးခံသေတ္တာများနှင့်ငွေကြေး အရေအတွက်ကိုတော့ ထုတ်ပြန်ချက်ထဲတွင် မပါဝင်လာသည်ကိုလည်း တွေ့ရသည်။

သိမ်းဆည်းရရှိသည့် ပစ္စည်းများ၏ အရေအတွက်မှာ ဖမ်းဆီးရေးအဖွဲ့၏ အာဘော်သာ ဖြစ်ပြီး Tachileik News Agency အနေဖြင့် အတိအကျ အတည်မပြုနိုင်ပေ။

 

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများကို လဝက ဥပဒေအရ အရေးယူပြီး ထိုင်းဘက်ကို ပြန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၅၄၀)ဦးကို ဖမ်းဆီးအချိန်က ထိုင်းနှင့်တရုတ်များကိုသာ ဖမ်းဆီးမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများကို မဖမ်းဘဲ ပြန်လွတ်ပေးမည်ဖြစ်ကြောင်း စစ်တပ်ဘက်က ပြောဆိုထားသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံသား (၄၅၀)ကို ပြန်လွတ်ပေးခြင်းမရှိသေးဘဲ တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်း ရောင်နီဦး အနောက်ဘက်ရှိ "ဝ"ပိုင်သည့် အဆောက်အဦးဟု လူသိများသည့် နေရာတွင် စစ်တပ်က စောင့်ကြည့်ပြီး ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ထားရှိထားဆဲဖြစ်ကြောင်း သိရသည်။

ယခုလို ဖမ်းဆီးခြင်းကို ရဲတပ်ဖွဲ့က ကြိုတင်သိရရှိရခြင်းမရှိဘဲ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်ဖြင့် လာရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး တာချီလိတ်မြို့တွင် အဖွဲ့အစည်းတချို့၏ အကာအကွယ်ဖြင့် တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများ နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများအနက် ယခု တစ်ခုတည်းကိုသာ ရွေးချယ်ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။