တာချီလိတ်၏ မီးခိုးမြူဖုံးလွှမ်းမှု လေထုခြေအနေမှာ မတ်လ(၂၀)ရက်နေ့တွင် နီညိုရောင် အဆင့်ရောက်ရှိ

တာချီလိတ်၏ မီးခိုးမြူဖုံးလွှမ်းမှု လေထုခြေအနေမှာ မတ်လ(၂၀)ရက်နေ့တွင် နီညိုရောင် အဆင့်ရောက်ရှိ
မတ် 20, 2020
By Tachileik News Agency
တာချီလိတ်၏ မီးခိုးမြူဖုံးလွှမ်းမှု လေထုခြေအနေမှာ မတ်လ(၂၀)ရက်နေ့တွင် နီညိုရောင် အဆင့်ရောက်ရှိ

မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် တောင်ယာတောမီးရှို့မှုများမှတဆင့် တာချီလိတ်မြို့တွင်း မီးခိုးမြူများ ဖုံးလွှမ်းနေမှုကြောင့် မတ်လ(၂၀)ရက်နေ့တွင် လေထုအရည်သွေးမှာ နီညိုရောင်အဆင့်ထိ ရောက်ရှိနေ၍ ကျန်းမာရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း  တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပေးထားရှိသည်။

ဖြစ်နိုင်ရင်တော့ အပြင်မထွက်တာ ကောင်းတယ်၊  မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့  နှာခေါင်းစည်း (mask)တို့နဲ့ ထွက်ဖို့လိုတယ်၊  နှာခေါင်းစည်း မရှိရင် ရေစွတ်ထားတဲ့ လက်ကိုင်ပုဝါတို့ပေါ့နော်၊ နောက် ကလေးတွေ သက်ကြီးရွယ်အိုတွေတို့ ပန်းနာရင်ကျပ်ရှိသူတွေ နှလုံးရောဂါရှိသူတွေတို့ဆိုရင် အိမ်ထဲမှာပဲ နေတာ ပိုကောင်းတယ်၊ နောက်ပြီးတော့ တံခါးပေါက်၊ ပြတင်းပေါက်တွေကို လုံအောင်ပိတ်ထားပြီး လေသန့်စင်အောင် ပန်ကာလေးတွေ ဖွင့်ထားပြီး နေဖို့လိုသလို၊ အခုကာလမှာ လမ်းလျှောက်တာတို့ စက်ဘီးစီးတာတို့လည်း ရှောင်သင့်တာပေါ့နော်

ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၀)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

မတ်လ(၂၀)ရက်နေ့ နံနက်(၉)နာရီအထိ လေထုတိုင်းတာချက် အခြေအနေမှာ နေညိုရောင်အဆင့်ဖြစ်နေပြီး လေထုအတွင်း သေးငယ်သည့် အမှုန်အမွှား ပါဝင်မှု မြှင့်တက်နေခြင်းကြောင့် မျက်စိစပ်ခြင်းနှင့် အသက်ရှုကျပ်ခြင်းများ ဖြစ်စေသည့်အတွက် အထူးဂရုပြုရန် လိုအပ်မည်ဖြစ်သည်။

တာချီလိတ်တွင် လေထုတိုင်းတာသည့် စက်မှာ ရွေ့လျားသယ်ဆောင်၍ ရသည့် စက်ဖြစ်ပြီး အမျိုးအစား (၄)မျိုးကိုသာ တိုင်းတာနိုင်သေးသည့်အတွက် မယ်ဆိုင်မြို့တွင် တပ်ဆင်ထားသည့် စက်ကဲ့သို့ PM(2.5) ကို မတိုင်းတာ နိုင်သေးကြောင်း သိရသည်။

ကျွန်တော်တို့ လေထုတိုင်းတဲ့ စက်က ကျောပိုးအိတ်နဲ့ ထည့်သွားလို့ရတဲ့ စက်မျိုး၊ လေမသန့်ရှင်းတဲ့နေရာတွေကို ယူသွားပြီး (၂၄)နာရီတိုင်းတဲ့စက်၊ စက်က (၄) မျိုးပဲ တိုင်းနိုင်တယ်။  ထိုင်းဘက်ကတော့ PM (2.5)အထိ တိုင်းနိုင်တယ်၊ ကျွန်တော်တို့ စက်က အဲ့လိုတော့ မတိုင်းနိုင် သေးဘူး

ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တာချီလိတ်မြို့တွင်း လေထုအရည်အသွေးတိုင်းတာခြင်းကို နေ့စဉ် နံနက်(၉)နာရီမှ နောက်နေ့ နံနက်(၉)နာရီအထိ (၂၄)နာရီတွင်း တိုင်းတာရရှိသည့် ရလာဒ်များကို ထုတ်ပြန်ပေးနေကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်း နှင့် တာချီလိတ်ခရိုင်အတွင်းနှင့် တောင်ယာတောမီးခိုးမြူများကြောင့် မီးခိုးဖုံးလွှမ်းမှုများသည့် ယခု ၂၀၂၀ခုနှစ်ကစ၍ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ၂၀၁၄ခုနှစ်က စ၍ နှစ်စဉ် နွေရာသီကာလများတွင် သိသိသာသာ ဖုံးလွှမ်းလာခြင်းဖြစ်ပြီး အဆိုးဝါးဆုံး မီးခိုးမြူဖုံးလွှမ်းမှုသည် ၂၀၁၉ခုနှစ်ကလည်း ဖြစ်ပေါ်ခဲ့သည်။

Tachileik News Agency
သတင်း - ကိုဇောင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~