"ဝင်ငွေ မရှိပါဘူးဆို ဖုန်းက ပျက်သေး ငိုးမ မအလ"ဟု ရေးသား၍ဟုဆိုကာ လင်မယား(၂)ဦးကို တာချီလိတ်ရဲက ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

"ဝင်ငွေ မရှိပါဘူးဆို ဖုန်းက ပျက်သေး ငိုးမ မအလ"ဟု ရေးသား၍ဟုဆိုကာ လင်မယား(၂)ဦးကို တာချီလိတ်ရဲက ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်
အောက်တိုဘာ 25, 2022 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့တွင် Facebook ပေါ်၌ အာဏာသိမ်းစစ်ကောင်စီကို အကြည်ညိုပျက်စေရန် ရေးသားဖြန့်ဝေနေသည်ဟုဆိုကာ သတင်းပေးသူကြောင့်  လင်မယား (၂)ဦး  ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရကြောင်း သိရသည်။ 

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ယန်းကျေးရွာတွင် နေထိုင်သူ  ဒေါ်ခင်လတ်လတ်ထွေး နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုဇော်မင်းဦးတို့  ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ ညက ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဇော်မင်းဦး(ခ)အာဒန် အသုံးပြုသည့် Zaw Min Oo အမည်ရှိ Facebook အကောင့် နှင့်  ဆရာမဒေါ်ခင်လတ်လတ်ထွေး  အသုံးပြုသည့်  LoneMa Lay  အမည်ရှိ Facebook အကောင့်တို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီကို အကြည်ညိုပျက်စေသည့် သတင်းများကို ပြန်လည်မျှဝေ ( Share )ပြုလုပ်ခြင်း အပြင် "ဝင်ငွေ မရှိပါဘူးဆို ဖုန်းက ပျက်သေး ငိုးမ မအလ"ဟု ရေးသားမှုဖြင့် လင်မယား(၂)ဦးကို ၅၀၅-က ဖြင့် ရဲက ဖမ်းဆီး အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"လင်မယား(၂)ဦးမှာ မိန်းမဖြစ်သူရဲ့ အကောင့်က Public နဲ့တောင် တင်တာမဟုတ်ဘူး Friends only နဲ့ပဲတင်တာ၊ အဲ့ဒါကို သူတို့အပေါ် မနာလိုတဲ့ လူက ရဲကို လက်တို့လို့ ဖမ်းခံရတာ။ လာဖမ်းတဲ့အချိန်က ခဏ မေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာ။ သူတို့က မအလ လို့ ရေးထားတာတွေကြောင့်လို့လည်း အသိရဲက ပြောတယ်။ "မ အ လ "ဆိုတဲ့ အသုံးအနှုန်းက အများကြီး သဘောသက်ရောက်တာပဲ ဒါကို ရဲတွေက မအလ ဆိုတာနဲ့ သူတို့ အဘ ကို ပြောတယ်လို့ ထင်နေပုံရတယ်။"ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency ကို အောက်တိုဘာလ(၂၅)ရက်နေ့တွင် ပြောပြသည်။

၎င်းတို့ လင်မယား(၂)ဦးသည် Facebook အကောင့်တွင် အချို့သတင်းဌာနမှ သတင်းများကို ပြန်လည် မျှဝေ ( Share )ခြင်းများ ပြုလုပ်ပြီး  "ဝင်ငွေ မရှိပါဘူးဆို ဖုန်းက ပျက်သေး ငိုးမ မအလ"ဆိုသည် စတေးတပ်ကိုလည်း မိန်းမဖြစ်သူမှ ခင်ပွန်းဖြစ်သူ၏ အကောင့်ကို Tag တွဲကာ တင်ထားသည်ကိုလည်း တွေ့ရ၍ ဟုဆိုကာ ဖမ်းဆီးပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၅၅/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းမှူးဖြစ်သူ ရဲအုပ် ပြည့်စုံဖြိုးက တရားလို ပြုလုပ်ပြီး အမှုဖွင့် စစ်ကြောနေသည်ဟု သိရသည်။

တာချီလိတ်မြို့တွင်  ခိုး ဆိုး လု ယက်မှုများကို နှိမ်နင်းခြင်းမရှိသည့်အပြင်   လောင်းကစားလုပ်ငန်းများကနေ လစဉ် ဆက်ကြေးများရယူကာ ဒုစရိုက်မှုကို ခွင့်ပြုပေးနေသည့် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့က  စစ်အာဏာရှင်ဆန့်ကျင်သူများဟု ယူဆရသူများကိုသာ ဦးစားပေး ဖမ်းဆီးမှုများအဖြစ် အဓိက လုပ်ဆောင်နေလျှက်ရှိသည်ဟု ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်။