တာချီလိတ်တွင် လောင်းကစားလုပ်ငန်းများမှ အလုပ်ရပ်နားခံရသူများက အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့သွားရောက်ကာ အကူအညီတောင်းခံ

တာချီလိတ်တွင် လောင်းကစားလုပ်ငန်းများမှ အလုပ်ရပ်နားခံရသူများက အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့သွားရောက်ကာ အကူအညီတောင်းခံ
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency

တာချီလိတ်တွင် လောင်းကစားလုပ်ငန်းများမှ အလုပ်ရပ်နားခံရသူများက အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့သွားရောက်ကာ အကူအညီတောင်းခံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင်   ကာစီနိုနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများ ပိတ်သိမ်းလာရာ ဟိုတယ်တစ်ခုမှ အလုပ်သမားများက အလုပ်အကိုင်သစ် ရရှိရေးကူညီပေးရန် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ နံနက်က အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၏ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လာရောက်အကူအညီတောင်းခံကြောင်း သိရသည်။

"ဝန်ထမ်းတွေ အကုန်လုံး (၂၀၀) ကျော် (၃၀၀) လောက်ရှိတယ်။ အခက်အခဲဖြစ်နေတော့ အခု အလုပ်သမားရုံးကို လာပြီးတော့ အလုပ်အခွင့်အလမ်းလေးတွေ ဘာလုပ်ပေးနိုင်မလဲ အစိုးရအနေနဲ့။ ဒါကို ကျွန်တော်တို့ လာမေးကြည့်တာပေါ့။ ဒီဘက်က စာတင်ပေးပါဆိုလို့ စာသွားစီပြီး ပြန်လာပေးမယ်။ ဒီကို လာတော့လည်း ကျွန်တော်တို့ အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေရော၊ စာရင်းတွေရော ယူလာတယ်။ ပေးဖို့မလိုဘူးဆိုလို့ မပေးခဲ့တာ" 

ဟု အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လာရောက် အကူအညီတောင်းသည့်အဖွဲ့မှ ကိုဇင်မျိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်းများကို ထိန်းသိမ်းကြပ်မတ်ရန် နှုတ်ဖြင့် လမ်းညွှန်လိုက်ပြီးနောက်  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ယင်းနေ့မှာပင် ငါးမန်းဂိမ်းဆိုင်အချို့ကို ဖမ်းဆီးလိုက်ပြီး ဟိုတယ် (၂၉)လုံးမှ တာဝန်ရှိသူများကို လောင်းကစားလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးထားစေခြင်းဖြစ်သည်။

ယင်းသို့ လုပ်ဆောင်လိုက်သဖြင့် ကာစီနိုနှင့် လောင်းကစားလုပ်ငန်းများ ပိတ်သွားပြီးနောက် အဆိုပါ လုပ်ငန်းများမှ အလုပ်သမားများ အလုပ်ရပ်နားခံခဲ့ရပြီးနောက် လုပ်ခလစာမရရှိမှုများလည်းရှိနေကြောင်း အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လာရောက်အကူအညီတောင်းသည့် အလုပ်သမားများထံမှ သိရသည်။

"အခုလောလောဆယ်မှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေက သူတို့ရဲ့ အလုပ်အစားထိုး ရရှိရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာနကို အကူအညီတောင်းတဲ့သဘော လာတင်ပြကြတာပါ။ ကျွန်တော်တို့ဆီမှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးကော်မတီဆိုတာ ရှိတယ်ဗျ။ ဟိုတယ်တွေကနေ ကိုယ်စားလှယ် တစ်ဦးစီနဲ့ တွေ့ဆုံဖို့ အထက်အကြီးအကဲကို တင်ပြထားပါတယ်"

ဟု တာချီလိတ်မြို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ အကြီးတန်းစာရေး ဦးချမ်းငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလုပ်သမားများ သွားရောက်အကူအညီတောင်းခံချိန်တွင် တာချီလိတ်မြို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး တာဝန်ခံမှာ သင်တန်းသွားတက်နေသည့်အတွက် လတ်တလော အလုပ်သမားကိစ္စရပ်များ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံတစ်ဦးကို ဖေဖော်ဝါရီ (၁၁) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့မှတစ်ဆင့် တာချီလိတ်မြို့သို့ စေလွတ်ထားပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ အလုပ်သမားညွှန်ကြညားမှုဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ အလုပ်အကိုင်သစ်များ ရှာဖွေပေးရန် လာရောက်တောင်းဆိုသည့် အလုပ်သမားများမှာ ဟိုတယ်တစ်ခုထဲမှဖြစ်ပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင်လည်း အခြားဟိုတယ်များမှ အလုပ်ရပ်နားခံခဲ့ရသူများလည်း လာရောက်တင်ပြရန် စီစဉ်နေကြောင်း အလုပ်သမားအဖွဲ့ထံ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ဖျက်သိမ်းလိုက်ပြီး လောင်းကစားဥပဒေသစ်ကို ၂၀၁၉ ခုနှစ် မေလ (၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတက အတည်ပြုပြဌာန်းပေးထားပြီးဖြစ်သော်လည်း နည်းဥပဒေ ရေးဆွဲနေဆဲဖြစ်သည်။

အသစ်ပြဌာန်းလိုက်သည့် လောင်းကစားဥပဒေသစ်တွင် နိုင်ငံခြားသားများကိုသာ သီးသန့်ကစားခွင့်ပြုမည့် ကာစီနိုများကို အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များ အတွက် နည်းဥပဒေ ထွက်ရှိလာခြင်းမရှိသဖြင့် တရားဝင် လုပ်ကိုင်နိုင်ခွင့်မရသေးခြင်း ဖြစ်သည်။

လောင်းကစားဥပဒေသစ် မထွက်လာမီက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟိုတယ်များတွင် နိုင်ငံခြားသားများအတွက် သီးသန့် ကာစီနိုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် အညီ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ဧရိယာများတွင် တည်ရှိသည့် ဟိုတယ်များ၌ လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
ဆက်စပ်သတင်း
  1. မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ဒေသအတွင်း ကျားမင်းစီမံချက် စတင်
  2. တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရက်ကိုးဆယ် ကျားမင်းစီမံချက်
  3. နယ်စပ်ဒေသ တာချီလိတ်ရှိ ရပ်ကွက်(၃)ခုတွင် လောင်းကစား ဂိမ်းခုံ (၃၃)ခုံ နှင့် အမျိုးသား အမျိုးသမီး (၁၄)ဦးကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိ
  4. နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီး
  5. တာချီလိတ်ရှိ ဟိုတယ်များတွင် ကာစီနိုများ ရပ်တန့်သွားရသည့်အတွက် အလုပ် လက်မဲ့ဖြစ်ပေါ်ခဲ့ရသည့် ဝန်ထမ်း(၇၀၀၀)ကျော်၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဆွေးနွေး
  6. ကြန့်ကြာနေတဲ့ လောင်းကစား နည်းဥပဒေ နဲ့ တရားဝင် ဖွင့်ခွင့် ရချင်နေတဲ့ တာချီလိတ် ကာစီနို

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~