တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရက် (၉၀) စီမံချက်ကာလအတွင်း ပြည်သူများမှ ပါဝင်ကူညီပံ့ပိုးမှုများ လုပ်ဆောင်

တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရက် (၉၀) စီမံချက်ကာလအတွင်း ပြည်သူများမှ ပါဝင်ကူညီပံ့ပိုးမှုများ လုပ်ဆောင်
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရက် (၉၀) စီမံချက်ကာလအတွင်း ပြည်သူများမှ ပါဝင်ကူညီပံ့ပိုးမှုများ လုပ်ဆောင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့အတွင်း မှုခင်းကျဆင်းရေးအတွက် ရက်ပေါင်း (၉၀) ကျားမင်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေရာတွင် တာချီလိတ်နေပြည်သူအချို့မှ  ပါဝင်ကူညီမှုများရှိလာကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ  ရှောင်တခင်ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ရာတွင် အသုံးပြုရန်အတွက် အချက်ပြမီးပါသည့်အတားအဆီး (၂) ခုကို UBL ကုမ္ပဏီမှ ဦးဘိုလေး(TBC)က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်တွင် တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်လှူဒါန်းခဲ့ကြောင်း နှင့် တာချီလိတ်မြို့ပေါ်တွင် တာဝန်ချထားသည့် ရပ်ကင်း (၁၅) နေရာနှင့် ရပ်ကွက်ရဲကင်း (၄) ခုမှ တာဝန်ကျရဲတပ်ဖွဲ့ဝင် (၄၆) ဦးအတွက် ရန်အောင်မြေရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ဝါဝါမှ ခေါက်ဆွဲကြော်၊ ကြာဇံကြော်များ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။ 

"တာချီလိတ်မြို့ပေါ်မှာ မှုခင်းကျဆင်းရေးအတွက် ရပ်ကင်းတွေ ချထားတယ်။ လုံခြုံရေး ရဲကင်းတွေလည်း ချထားတယ်။ မီးတန်းကားတွေနဲ့ လှည့်ကင်းတွေလည်း ထုတ်ထားတယ်။ အရပ်ဝတ်နဲ့ ဆိုင်ကယ်လှည့်ကင်းတွေလည်းရှိတယ်။ Police Box တွေလည်း ချထားဖို့စီစဉ်နေတယ်။ ညပိုင်းတွေမှာ ရှောင်တခင်ပိတ်ဆို့ရှာဖွေမှုတွေကိုလည်း လုပ်နေတယ်။ အခုက ယာဉ်ပိတ်ဆို့တဲ့နေရာမှာ သုံးဖို့အတွက် ဒီပစ္စည်းတွေလာလှူတာပေါ့"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ဒေသ တာချီလိတ်တွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က အထူးစီမံချက်အနေဖြင့် ရက်(၉၀) ကျားမင်းစီမံချက်အား ဆောင်ရွက်နေပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အခြား ရပ်ကွက်အတွင်းရှိ လမ်းကြားများတွင်လည်း ရဲကင်းအဖြစ်သတ်မှတ်ကာ ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~