တာချီလိတ်ရှိ ဟိုတယ်များတွင် ကာစီနိုများ ရပ်တန့်သွားရသည့်အတွက် အလုပ် လက်မဲ့ဖြစ်ပေါ်ခဲ့ရသည့် ဝန်ထမ်း(၇၀၀၀)ကျော်၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဆွေးနွေး

တာချီလိတ်ရှိ ဟိုတယ်များတွင် ကာစီနိုများ ရပ်တန့်သွားရသည့်အတွက် အလုပ် လက်မဲ့ဖြစ်ပေါ်ခဲ့ရသည့် ဝန်ထမ်း(၇၀၀၀)ကျော်၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဆွေးနွေး
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency

တာချီလိတ်ရှိ ဟိုတယ်များတွင် ကာစီနိုများ ရပ်တန့်သွားရသည့်အတွက် အလုပ် လက်မဲ့ဖြစ်ပေါ်ခဲ့ရသည့် ဝန်ထမ်း(၇၀၀၀)ကျော်၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဆွေးနွေး

မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံ နယ်စပ်ဖြစ်သည့် တာချီလိတ်တွင် ဖေဖော်ဝါရီလ(၆)ရက်နေ့က ငါးမန်းဂိမ်း လောင်းကစားခုံများ ဖမ်းဆီးမှုနှင့်အတူ ဟိုတယ်များရှိ ကာစီနိုများလည်း ပိတ်ထားရသည့်အတွက် ကာစီနိုဝန်ထမ်း စုစုပေါင်း အယောက်(၇၀၀၀)ကျော်မှာ အလုပ်လက်မဲ့ ဖြစ်သွားရခြင်းကြောင့် ဟိုတယ်လုပ်ငန်းရှင်များက ဝန်ထမ်းများ၏ အခက်အခဲအား ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာမှုများကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်က တာချီလိတ်ရှိ 1G1 8 Hotel တွင်  ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်များ ရရှိရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

လောင်းကစားဥပဒေသစ်ကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၉ ခုနှစ် မေလ (၇) ရက်နေ့က အတည်ပြုပြဌာန်းခဲ့သော်လည်း နည်းဥပဒေ မထွက်ရှိသေးသည့် အချိန်တွင် မြန်မာ၊ လာအို၊ ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့၌ ဖွင့်လှစ်ထားသည့် ဟိုတယ်များ၌ လုပ်ကိုင်ခွင့် ရရှိရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များရယူရန် တာချီလိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များစီစဉ်နေခြင်း ဖြစ်သည်။

"ကျွန်တော်တို့က တာချီလိတ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ သူတို့ရဲ့အကြံဉာဏ်နဲ့ပဲ ဆက်သွားမယ်ပေါ့။ သူတို့အကြံဉာဏ်နဲ့ အဓိက ယူပြီးတင်မယ်။ အဲလိုမျိုးစဉ်းစားထားတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လာမှ ဆွေးနွေးကြမှာပေါ့"ဟု  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဒုတိယဥက္ကဌ ဦးအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များမှာ လွှတ်တော်အစည်းအဝေးသို့ ရောက်ရှိနေ၍  ပြန်ရောက်မှသာ တွေ့ဆုံနွေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်မှုကော်မရှင်မှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် 'သီးခြားပြဌာန်းထားသည့် အခြေအနေအရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းအမျိုးအစားများစာရင်း' တွင် Casino ပါဝင်ခဲ့သဖြင့် လုပ်ပိုင်ခွင့်ရရှိရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီး သက်ဆိုင်သည့် ဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့မှာ အချိန် (၂) လလောက်ပဲရှိတယ်။ ဝူဟန်ကြောင့် လာအိုက ကာစီနိုတွေပိတ်ထားတယ်။ ဒီအချိန်မှာ ဒီအခွင့်အရေးကို ကျွန်တော်တို့ မလုပ်နိုင်ရင် ဈေးကွက်က လာအိုကို ရွှေ့သွားမယ်"ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ၊ လာအို၊ ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် လောင်းကစားဥပဒေသစ်ပြဌာန်းပြီးချိန်တွင် တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများမှာ ပြည်တွင်းဟိုတယ်လုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး ကာစီနိုလုပ်ငန်းများ လုပ်ကိုင်ရန်ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့ တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ် တုံဖိန့်မြို့နယ်ရှိ မြန်မာနိုင်ငံသားများအများအပြား သွားရောက်လုပ်ကိုင်နေသည့် ကာစီနိုရုံတွင် ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသား နှစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိ၍ လုပ်ငန်းများရပ်နားလိုက်သဖြင့် မြန်မာလုပ်သား ထောင်နှင့်ချီပြီး ပြန်လည်ဝင်ရောက်လာခဲ့ရာတွင် အများစုမှာ လုပ်ခလစာများ ရ ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့က တာချီလိတ်မြို့တွင်း ရပ်ကွက်များတွင် ဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်း လောင်းကစားခုံများကို ဖမ်းဆီးခြင်း၊ ဟိုတယ်များတွင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေမှုများ ရှိ မရှိး စစ်ဆေးဆောင်ရွက်ခဲ့သဖြင့် ဟိုတယ်များတွင် အလုပ် လုပ်ကိုင်နေသည့် ဝန်ထမ်း (၇,၀၀၀) ကျော်မှာ လတ်တလောတွင် အလုပ်လက်မဲ့ ပြဿနာနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~